ဒီနေ့အချိန်မှာ ပြတိုက်တစ်ခုအဖြစ် လည်ပတ်နေတဲ့ Bletchley Park စင်တာကို Facebook ဟာ ပေါင် ၁ သန်း (ဒေါ်လာ ၁.၃ သန်း) လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
Bletchley Park ဟာ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်များရဲ့ ကုဒ်ဖော်ဖို့အတွက် သုံးခဲ့တဲ့ ဌာနတစ်ခုဖြစ်ပြီး လက်ရှိမှာ စစ်လက်ကျန်အမွေအနှစ်ပြတိုက်တစ်ခုအဖြစ် ထိန်းသိမ်းထားတာပါ။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ Bletchley Park Trust ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လာရောက်လည်ပတ်သူအရေအတွက် ထိုးကျခဲ့ပြီး ဝင်ငွေ ပေါင် ၂ သန်းအထိ ကျဆင်းခဲ့တယ်လို့ The Verge သတင်းက ဆိုပါတယ်။
နှစ်စဉ်ဝင်ငွေ ၉၅% အထိ ကျဆင်းသွားခဲ့တာကြောင့် ပြတိုက်ဝန်ထမ်းအင်အား သုံးပုံတစ်ပုံဖြစ်တဲ့ အလုပ်အကိုင်နေရာ ၃၅ ခုကို ဖြုတ်ဖို့ စဉ်းစားနေတယ်လို့ ကြေညာခဲ့ပါတယ်။ Facebook ရဲ့ လှူဒါန်းမှုဟာ ဝန်ထမ်းတွေကို ဆက်ပြီး အလုပ်ပေးနိုင်ဖို့ ရှိပါတယ်။ Bletchley Park ကို ခေတ်သစ်ကွန်ပျူတာ မွေးဖွားရာအဖြစ် အမွေအနှစ်ရှင်သန်စေဖို့ လှူဒါန်းလိုက်တာ ဖြစ်တယ်လို့ Facebook က ဆိုပါတယ်။
Photo: Engadget
"အလန်တျူးရင်းလို အထူးချွန်ဆုံး သိပ္ပံပညာရှင်တွေရဲ့ လုပ်ဆောင်ချက်ဟာ ဒီနေ့ခေတ် ထောင်သောင်းချီတဲ့ အင်ဂျင်နီယာနဲ့ သုတေသီသိပ္ပံပညာရှင်တို့ကို လမ်းဖွင့်ပေးနေဆဲ ဖြစ်ပါတယ်။"လို့ Facebook ရဲ့ နည်းပညာအမှုဆောင်အရာရှိချုပ် မိုက်ရှရော့ပ်ဖာက ဆိုပါတယ်။
Bletchley Park ဟာ Facebook ရဲ့ လှူဒါန်းမှုအပြင် ယူကေ ယဉ်ကျေးမှုထိန်းသိမ်းရေးရံပုံငွေအစီအစဉ်မှလည်း ယူရို ၄၄၇၀၀၀ ကိုလည်း တစ်ရက်တည်းမှာ ရခဲ့တယ်လို့ ဆိုပါတယ်။"ဒီ အရေးပါတဲ့ ပံ့ပိုးမှုတွေနဲ့ Bletchley Park Trust ဟာ ခေတ်သစ်ကမ္ဘာမှာ ပိုပြီး ကောင်းအောင် တည်ရှိနိုင်မှာ ဖြစ်သလို အနာဂါတ်မျိုးဆက်တွေအတွက်လည်း တံခါးတွေ ဖွင့်ထားနိုင်တော့မှာပါ"လို့ ပြတိုက်အမှုဆောင်အရာရှိချုပ် အိုင်ယန်စတန်ဒန်က ပြောပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း Bletchley Park ကုဒ်ဖြည်ရေးဌာနမှ ပညာရှင်တွေဟာ ဂျာမနီမှ အဆင့်မြင့် Enigma စက်တွေထဲ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အရေးကြီးစစ်သတင်းတွေ ရယူခဲ့တာပါ။ ဒုတိယကမ္ဘာစစ်ကာလကို ချုံ့ပြီး လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းမှာ ဒီပညာရှင်တွေရဲ့ ကြိုးစားမှုကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
Photo: Bletchley Park
Bletchley Park ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဒီဂျစ်တယ်ကွန်ပျူတာဖြစ်တဲ့ Colossus ကွန်ပျူတာကို မွေးထုတ်လိုက်တဲ့ နေရာလည်း ဖြစ်သလို ကွန်ပျူတာသိပ္ပံနောက်ကွယ်မှ အခြေခံသဘောတရားတွေကို ပုံဖော်ခဲ့တဲ့ အလန်တျူးရင်းလို ဂန္ဓဝင်သိပ္ပံအကျော်အမော်များ အလုပ်လုပ်ခဲ့တဲ့ သမိုင်းဝင်နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း Bletchley Park ကို လာရောက်လည်ပတ်သူ ၂၈၀၀၀၀ ရှိခဲ့ပြီး ပြတိုက်ရဲ့ လေ့လာရေးအစီအစဉ်မှာ လူပေါင်း ၄၇၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။