မိုဘိုင်းအဖွဲ့က ကားနဲ့ မဲပုံးတွေတင်ပြီး မဲရုံအလိုက် ကောက်ခံမယ်လို့ ခရိုင်ကော်မရှင်အဖွဲ့ခွဲများက ပြောပါတယ်။

အောက်တိုဘာလ ၂၉ရက်ကနေ စတင်မယ့် အသက်(၆၀)နဲ့အထက် ကြိုတင်မဲပေးလိုသူတွေကို အိမ်တိုင်ရာရောက် Mobile Team ကားနဲ့ လိုက်လံပြီး ကြိုတင်မဲကောက်ခံသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့ ပြောကြားချက်အရ သိရပါတယ် ။

ဒီလို ကြိုတင်မဲကောက်ခံခြင်းကို မဲရုံအလိုက် စာရင်းခွဲခြားပြီး ရက်အလိုက် အောက်တိုဘာလ ၂၉ရက်က စတင်ကာ ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အထိ နေ့စဉ်လုပ်ဆောင်မှာ ဖြစ်တယ်လို့ အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးခင်မောင်ဝင်းက Duwun ကိုပြောပါတယ်။



" အခု ကျွန်တော်တို့က အသက်(၆၀)အထက်တွေ ပိုင်းဖြတ်ပြီးပြီ။ အိမ်တိုင်ရာရောက်လိုက်ပြီးတော့မှ အခန်းတွေမှာ ဘယ်အခန်း နံပါတ်ဘယ်လောက်က ဘယ်သူ မဲပေးဖို့ ဆင်းခဲ့ပါ၊ လာခဲ့ပါ ကြိုတင်မဲပေးလို့ရပါတယ်ဆိုပြီး လုပ်မယ်။ သူတို့ကိုယ်တိုင် မဲထည့်လို့ရတယ်။ ကျွန်တော်တို့ကတော့ ကျန်းမာရေးအကာအကွယ်အကုန်လုပ်ထားမှာ။ lockdown ချထားတဲ့နေရာတွေ ဆိုလည်း ကားပေါ်မှာ မဲပုံးတွေတင်မယ်။ တင်ပြီးတော့ mobile team သဘောမျိုးပေါ့။ အဲဒီ lockdown လုပ်ထားတဲ့နေရာတွေသွားမယ်။ တစ်ခန်းချင်းကိုခေါ်ပြီး လုံခြုံအောင် လုပ်ပေးထားမယ်။ ကြိုက်သလိုမဲပေးပါဆိုပြီး မဲပေးခိုင်းမယ်။ အထူးရဲလည်းပါမယ်။ သူတို့ကတော့ မဲပုံးတွေလုံခြုံရေးပေါ့။ တစ်အိမ်တက်တစ်အိမ်ဆင်း သဘောမျိုးပဲ ကောက်ခံဖြစ်မယ်။ ဘာလို့လဲဆိုတော့ လူတွေအပြင်မထွက်စေချင်လို့ ဒါကို လုပ်တာလေ။ ကားရပ်မယ်။ စာအိတ်ပေးမယ်။ မဲပုံးတွေပါမယ်။ သူတို့အိမ်ရှေ့အရောက်။ အထပ်မြင့်တွေအကုန်တော့ မတက်နိုင်ဘူးပေါ့။ မဲပေးချင်ရင် ဆင်းခဲ့ပါ။ မဆင်းနိုင်ဘူးဆိုရင်တော့လည်း ကျန်းမာရေးမကောင်းတဲ့ စာရင်းပေါ့။အားလုံးကိုတော့ ၁၀ရက်ကြိုတင်မဲ စာရင်းထဲပဲ ပေါင်းလိုက်တော့မှာ" လို့ အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးခင်မောင်ဝင်းက Duwun ကို ပြောပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးနေစဥ် (ဓာတ်ပုံ- သက်ဦးမောင်)

ဒါ့အပြင် အောက်တိုဘာလ ၂၉ရက်ကနေ နိုဝင်ဘာလ၅ရက်အထိ ကောက်ခံသွားမယ့် အသက်(၆၀)နဲ့အထက် ကြိုတင်မဲကောက်ခံခြင်းအစီအစဉ်ကြောင့် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာတော့ သက်ကြီးရွယ်အို မရှိသလောက်နည်းပါးသွားလိမ့်မယ်လို့ မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူက ပြောပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ရက်မှာ ကျင်းပမယ့် ၂၀၂၀ပါတီပါတီစုံအထွေထွေရွေးကောက်ပွဲက ကိုဗစ်၁၉ ရောဂါ ကာလဖြစ်တာကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကျန်းမာရေးအတွက် အထူးဆောင်ရွက်ချက်တွေကို ပြုလုပ်ထားတယ်လို့လည်း ခရိုင်ကော်မရှင်အဖွဲ့ခွဲများရဲ့ ပြောကြားချက်အရ သိရပါတယ် ။

" ဒီလို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ကောက်နေမှတော့ မဲပေးတဲ့နေ့မှာတော့ မဲရုံမှာ သက်ကြီးရွယ်အိုက မရှိသလောက်ဖြစ်သွားမှာပါ ။ ကျန်းမာရေးအတွက်က အခုနှစ်က မဲရုံပြင်ပမှာ ငါးယောက်ထားထားပါတယ် ။ ကျန်းမာရေးရယ် ၊ ထွေအုပ်ရယ် ၊ ပညာရေးရယ် ။ အရင်နှစ်တွေနဲ့ နဲ့မတူတာပေါ့ ။ ဖွဲ့စည်းပုံအပြည့်အပြင် ပြင်ပမှာပါ ထားတာပေါ့ ။ ကျန်းမာရေးက အပူချိန်တိုင်းမယ် ကျန်းမာရေး လိုအပ်ချက်ဆောင်ရွက်မယ် ။ mask မပါရင် ပေးမယ် ။ ထွေအုပ်က တန်းစီတာ social distancing ဘာညာပေါ့။အရေးပေါ် အခြေအနေ အတွက်လည်း Ambulance ချိတ်ထားတယ် ။ ငါးမိနစ်အတွင်းရောက်လာမှာပါ ။ အပူချိန်တိုင်းလို့ သတ်မှတ်အပူချိန်ထက်နည်းနည်းကျော်ရင် ခဏထိုင်ခိုင်းထားမယ် ။ မဲရုံမှူးနဲ့ ညှိနှိုင်းပြီး အပြင်မှာပဲ ပေးနိုင်ဖို့ ဆောင်ရွက်ပေးမယ် ။ အထဲတော့ ပေးမဝင်ဘူး ။ အခြေအနေက သိပ်ဖျားတယ်ဆို Ambulance နဲ့တင်ပေးလိုက်မှာ ။ ဘာမှစိုးရိမ်စရာမရှိပါဘူး ။ အကုန်စီစဉ်ထားပြီးသားပါ " လို့ မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမောင်မွှေးက Duwun ကိုပြောပါတယ်။

လာမယ့် ၂၀၂၀ရွေးကောက်ပွဲအတွက် ကိုဗစ်ကူးစက်မှုအခြေအနေအရ Stay at Home သတ်မှတ်ထားသော မြို့နယ်များ နဲ့ လူဦးရေထူထပ်သောမြို့နယ်များ (၁ စတုရန်းကီလိုမီတာတွင် ပျှမ်းမျှလူဦးရေ ၅၀၀၀ဦးနှင့်အထက်)နေထိုင်သော မြို့နယ်တွေက ရောဂါကူးစက်ခံရမှု လွယ်ကူနိုင်တဲ့ အသက်၆၀နဲ့အထက်ရှိသူတွေ ကြိုတင်မဲပေးနိုင်ဖို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၀ရက်က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က