ပဲခူးတိုင်းဒေသကြီးအတွင်း ထုတ်ပြန်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းထဲ မပါဝင်လို့ ပုံစံ (၃) နဲ့ လျှောက်ထားတဲ့သူ (၁၂,၀၀၀) ကျော်ရှိပြီး အမည်စာရင်းပါဝင်ပေမယ့် အချက်အလက်မှားယွင်းနေတာကြောင့် ပြန်လည် ပြင်ဆင်ပေးဖို့ လျှောက်ထားလာတဲ့ အရေအတွက်ကလည်း (၄,၀၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။
" ၃ (က) နဲ့လျှောက်ခိုင်းထားတယ်။ လျှောက်နိုင်တယ်ဆိုတာကိုလည်း တရားဝင်ကြေညာထားတယ်။ အခုဆိုရင် မဲစာရင်းမှာ မပါလို့တောင်းဆိုလာတဲ့သူက (၁,၂၀၀၀) ကျော်ရှိတယ်။ အချက်အလက်ပြင်ဆင်ဖို့ တောင်းဆိုလာသူက (၄,၄၀၀) ကျော်ရှိတယ်။ ၄ (ဂ) နဲ့ ကန့်ကွယ်သူက (၂,၉၀၀) ကျော်ရှိတယ်။"လို့ ပဲခူးတိုင်းသေကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှအတွင်းရေးမှူး ဦးအောင်ကျော်မိုးကပြောပါတယ်။
မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်းကို ထုတ်ပြန်ကြေညာထားသလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် website မှာလည်း မဲပေးခွင့်ရှိသူစာရင်းမှာ မိမိအမည်ပါမပါ ကို စစ်ဆေးနိုင်တယ်လို့သိရပါတယ်။
အကယ်၍ တိုင်းအတွင်းမဲပေးခွင့်ရှိသူစာရင်းမှာ မိမိနာမည်မပါခဲ့ပါက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ ပုံစံ (၃) နဲ့ လျှောက်ထားနိုင်သလို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေ ကို ဆက်သွယ် အသိပေးပြောဆိုပြီး မဲပေးခွင့်ရရှိအောင်လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီးအတွင်း မဲပေးခွင့်ရှိသူပေါင်း (၃၈) သိန်းကျော်ရှိပြီး၊ အဲဒီအတွက် မဲရုံပေါင်း (၄,၀၀၀) ကျော် ပြင်ဆင်ထားတယ်လို့သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။