ရန်ကုန်ဆေးရုံကြီးမှာ ကိုဗစ်လူနာများထားရှိကုသပေးနိုင်ရန်အတွက် တိုးချဲ့ပြင်ဆင်ထားတဲ့ အဆောင်တွေမှာ ကိုဗစ်လူနာတွေကို စတင်ထားရှိကာ ကုသမှုတွေပေးနေပြီ ဖြစ်ပါတယ်။
ကိုဗစ်လူနာတွေထားရှိဖို့အတွက် ရန်ကုန်ဆေးရုံကြီးရဲ့ ပင်မဆောင်တစ်ခုလုံးကို ပြင်ဆင်နေတာဖြစ်ပြီး လက်ရှိမှာတော့ ပင်မဆောင် (၁၁)၊(၁၂)နဲ့ အထူးကြပ်မတ်ကုသဆောင်တွေမှာ ကိုဗစ်လူနာတွေကို ထားရှိကုသပေးနေဖြစ်တယ်လို့ သိရပါတယ်။
“ လူနာတွေကို သူ့ကျန်းမာရေးလက္ခဏာပေါ်မူတည်ပြီး အဆင့်လိုက်ခွဲပြီးတော့ ထားရှိကုသပေးနေတာပါ။ လူနာတွေကို နိုင်ငံတကာသတ်မှတ်ထားတဲ့ FDA အသိအမှတ်ပြုဆေးဝါးတွေနဲ့ ကုသပေးနေတယ်။ အခုတိုးချဲ့ပြင်ဆင်ထားတဲ့အဆောင်မှာတော့ မနေ့ကနေစပြီး လူနာတွေကို ထားရှိကုသပေးနေတယ်။ နောက်ထပ် ပင်မဆောင်ကပဲ တိုးချဲ့ပြင်ဆင်နေတဲ့ အဆောင်တွေရှိပါသေးတယ်”လို့ ရန်ကုန်ဆေးရုံကြီးမှ ပေါမောက္ခဒေါက်တာမော်မော်ဦးက Duwun ကို ပြောပါတယ်။
လူနာတွေကိုတော့ အဆောက်အဦးပြင်ဆင်မှု ပင်မဆောင်(၁၁)နဲ့ (၁၂)မှာ ပြင်ကတည်းက ပြောင်းရွှေ့ကုသပေးနေတာဖြစ်ပြီး လက်ရှိမှာ အတည်ပြုလုနာတွေလည်းရှိသလို negative ပြပြီး ဆေးရုံဆက်တက်နေရတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဆေးရုံကြီးက ကိုဗစ်ကုသဆောင်များအားလုံးပြီးစီးသွားရင်တော့ လူဦးရေ (၂၅၀)ခန့်ထိ ထားရှိကုသပေးနိုင်မှာဖြစ်တယ်လို့ ဒေါက်တာမော်မော်ဦးကပြောပါတယ်။
ရန်ကုန်မှာ ကိုဗစ်လူနာတွေများပြားလာတဲ့အတွက် အစိုးရဆေးရုံတွေကိုလည်းတိုးချဲ့ပြင်ဆင်ထားသလို ယာယီဆေးရုံတွေလည်း တည်ဆောက်ထားတဲ့အတွက် လူနာတွေအတွက်ကတော့ နေရာအခက်အခဲမရှိတော့ဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေကပြောပါတယ်။
လူနာတွေကိုတော့ နိုင်ငံတကာက လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေးတွေအပြင်အစိုးရကလည်း ဝယ်ယူကုသပေးနေပြီး ဆေးရုံတိုင်းမှာလည်း လိုအပ်တဲ့တဲ့ ကျန်းမာရေးလိုအပ်ချက်ပစ္စည်းတွေကို လိုအပ်သလောက် တင်ပြတောင်းခံကြဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှအသိပေးပြောကြားထားတာပါ။ ဒီကနေ့ အောက်တိုဘာလ (၁၄)ရက်နေ့မနက်ပိုင်းအထိ တစ်နိုင်ငံလုံးမှာ ရောဂါပိုးတွေ့ရှိထားတဲ့ အတည်ပြုလူနာက (၃၀၄၃၇)ဦးရှိပါတယ်။