ယခုနှစ်အတွက် တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံပြိုင်ပွဲမှာ ရုရှားဓာတ်ပုံဆရာက လျှို့ဝှက်ကင်မရာသုံးပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံဖြင့် အကောင်းဆုံးဓာတ်ပုံလက်ရာရှင်ဆု Wildlife Photographer of the Year (WPY) ရရှိခဲ့ပါတယ်။
(WPY ဆုရ ဓာတ်ပုံဆရာ Sergey Gorshkov) (Photo: Sergey Gorshkov)
ဓာတ်ပုံဆရာ Sergey Gorshkov ရဲ့ ကင်မရာထောင်ချောက်မှာ အမိအရ ရိုက်ကူးရရှိခဲ့တဲ့ ဓာတ်ပုံက ဆိုက်ဘေးရီးယား သို့မဟုတ် Amur ကျားမတစ်ကောင်ဟာ သစ်ပင်ကြီးတစ်ပင်ကိုဖက်လျက်သား မြင်တွေ့ရပြီး အလင်းအမှောင် အရောင်အသွေးက အံ့မခန်းကောင်းမွန်လှတယ်လို့ ဆိုပါတယ်။ ထိုဓာတ်ပုံကို ဓာတ်ပုံဆရာက ရုရှားအရှေ့ဘက်စွန်းဒေသရှိ Leopard အမျိုးသားဥယျာဥ်အတွင်း လျှို့ဝှက်ကင်မရာတပ်ဆင်ပြီး အမိအရ ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
"အလင်းအမှောင်၊ အရောင်တွေနဲ့ ဓာတ်ပုံအနေအထားက ဆီဆေးပန်းချီကားတစ်ချပ်လိုပါပဲ" WYP ဆုရွေးချယ်ရေး အကဲဖြတ်အဖွဲ့အကြီးအကဲ Roz Kidman-Cox က ဆိုပါတယ်။ "ကျားက သစ်တောရဲ့ အစိတ်အပိုင်းများလားလို့ မြင်ရတယ်၊ ကျားမရဲ့ အမြီးက သစ်ပင်ရဲ့အမြစ်တွေနဲ့ ရောနေတယ်၊ နှစ်ခုက တစ်ခုတည်းအသွင် ပေါင်းစပ်သွားတယ်" လို့ သူမက BBC သတင်းဌာနကို ပြောခဲ့ပါတယ်။
(လျှို့ဝှက်ကင်မရာများ ပြင်ဆင်နေတဲ့ Sergey Gorshkov) (Photo: Sergey Gorshkov)
ယခု ဓာတ်ပုံရဲ့ ပိုမိုထူးခြားချက်ကတော့ ကင်မရာထောက်ချောက် (လျှို့ဝှက်ကင်မရာ) ကနေ ရိုက်ကူးရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံဆရာ Sergey Gorshkov က ကင်မရာကို တောထဲမှာ လျှို့ဝှက်တပ်ဆင်ပြီး ၁၀ လကြာတဲ့အထိ ထားခဲ့တယ်လို့ ဆိုပါတယ်။ ကျားတစ်ကောင် ကင်မရာမြင်ကွင်းထဲမှာ ထွက်ပေါ်လာချိန်မှာ အလိုအလျောက် ဓာတ်ပုံရိုက်ယူရန် စီစဥ်ထားခဲ့ကြောင်း သိရပါတယ်။
ရုရှားအရှေ့ဖျားမှ ကျားတွေဟာ မျိုးသုဥ်းလုနီးပါးအထိ အမဲလိုက်ခံခဲ့ကြရပြီး ယခုအခါ အကောင်ရေ ရာဂဏန်းအနည်းငယ်မျှသာ ကျန်ရှိပါတယ်။ ၎င်းတို့ရဲ့ သားကောင်ဖြစ်တဲ့ သမင်နဲ့ တောဝက် အများစုဟာလည်း အလားတူ အကောင်ရေ လျော့နည်းလာခဲ့ပါတယ်။ ထိုအခြေအနေအရ ဆိုက်ဘေးရီးယား ကျားတွေဟာ အစာရှာရန် ပိုမိုကျယ်ပြောလှတဲ့ အကွာအဝေးကို သွားလာနေကြရတယ်လို့ ဆိုပါတယ်။
(ဆုကြေညာတဲ့ အခမ်းအနား) (Photo: @NHM_London/Twitter)
ရုရှားဓာတ်ပုံဆရာ Sergey Gorshkov ကို ဆုရွေးချယ်ချီးမြှင့်ကြောင်း ကိန်းဘရစ်ချ်မြို့စားကတော် ကိတ်မစ်ဒယ်လ်တန်နဲ့ ရုပ်သံအစီအစဥ် တင်ဆက်သူတွေဖြစ်ကြတဲ့ ခရစ်ပက်ခ်ဟမ်းနဲ့ မီဂန်မက်ကပ်ဘင်တို့က လန်ဒန်မြို့ရှိ သဘာဝသမိုင်းပြတိုက် (Natural History Museum - NHM) ရဲ့ အောက်တိုဘာ ၁၃ ရက်နေ့ အွန်လိုင်းအခမ်းအနားတစ်ရပ်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။ အဆိုပါ သဘာဝသမိုင်းပြတိုက်က WPY ဆု ပြိုင်ပွဲကို စီစဥ်ကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ်ဟာ ၅၆ ကြိမ်မြောက်ဖြစ်ကြောင်း သိရပါတယ်။
WPY ပြိုင်ပွဲမှာ ဆုရရှိခဲ့ ဓာတ်ပုံအချို့
[Sergey Gorshkov ရဲ့ Wildlife Photographer of the Year ဆုရ ဓာတ်ပုံ]
[ဖင်လန်နိုင်ငံမှ Liina Heikkinen ရဲ့ Young Wildlife Photographer of the Year ဆုရ ဓာတ်ပုံ]
[ဒိန်းမတ်နိုင်ငံမှ လူငယ်ဓာတ်ပုံဆရာ Mogens Trolle ရဲ့ Animal Portraits ခေါင်းစဥ်ဖြင့် ဆုရ ဓာတ်ပုံ]
[စပိန်ဓာတ်ပုံဆရာ Jaime Culebras ရဲ့ Behaviour ခေါင်းစဥ်ဖြင့် ဆုရဓာတ်ပုံ]
[Invertebrate Behavior ခေါင်းစဥ်ဖြင့် ဆုရရှိခဲ့တဲ့ Frank Deschandol ရဲ့ ဓာတ်ပုံ]
[Under Water ခေါင်းစဥ်ဖြင့် ဆုရရှိခဲ့တဲ့ တရုတ်ဓာတ်ပုံဆရာ Songda Cai ရဲ့ ဓာတ်ပုံ]
[ခြောက်နှစ်ကြာ အချိန်ယူရိုက်ကူးခဲ့ပြီး Behaviour: Mammals ခေါင်းစဥ်ဖြင့် ဆုရရှိခဲ့တဲ့ Shanyuan Li ရဲ့ ဓာတ်ပုံ]
Ref: National Geographic, BBC, The Guardian, CNN, NHM