နေပြည်တော်၊ ပျဉ်းမနားရဲစခန်း အချုပ်ထောင်မှ အချုပ်သားတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး သူနဲ့ထိတွေ့တဲ့ ရဲဝန်ထမ်းများနဲ့ အချုပ်သားဦးရေ (၃၀)ဦးခန့်ရှိတယ်လို့ သိရပါတယ်။
ထိတွေ့ထားသူ (၃၀)ဦးကိုတော့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ကွာရန်တင်းထားရှိထားပြီး ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာမြတ်ဝဏ္ဏစိုးက Duwun ကိုပြောပါတယ်။
“ မနေ့ကတွေ့တာပါ။ ပျဉ်းမနားရဲစခန်းမှာ အချုပ်ချနေတဲ့ အချုပ်သားပေါ့။ နေမကောင်းလို့ ဓာတ်ခွဲစစ်ဆေးခဲ့ရာကနေရောဂါပိုးတွေ့ခဲ့တာ။ သူနဲ့အချုပ်ခန်းတူတူကျတဲ့ အချုပ်သားက (၂၅)ဦးရှိတယ်။ တခြားထိတွေ့ထားတဲ့ ရဲဝန်ထမ်းတွေကောဆိုတော့ အားလုံး လူနာနဲ့ ထိတွေ့ထားသူ (၃၀)လောက်ရှိတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။
ထိတွေ့ထားသူ (၃၀)ဦးလုံးကိုတော့ နေပြည်တော် စည်ပင်ရိပ်သာမှာ သီးသန့်ခန်းတွေနဲ့ခွဲပြီးထားရှိထားတယ်လို့ သိရပါတယ်။
အဆိုပါပိုးတွေ့ လူနာအချုပ်သားက မနေ့ညက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့ ပိုးတွေ့လူနာ (၁,၁၂၃)ဦးစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
အချုပ်ကနေ ထောင်ကိုပြောင်းရွေ့ဖို့အတွက် ဆေးထောက်ခံစာယူတဲ့အခါမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ဆေးထောက်ခံမယူခင်ရက်ပိုင်းကတည်းက ဖျားနေတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ပျဉ်းမနားအချုပ်ခန်းကို မြို့နယ် ကျန်းမာရေးအဖွဲ့က ပိုးသတ်ဆေးဖြန်းတာတွေဆောင်ရွက်ထားရှိပါတယ်။အချုပ်သားတွေထဲမှာ ကိုဗစ်ပိုးတွေ့ရှိတာက နေပြည်တော်မှာပထမဆုံးဖြစ်စဉ်လည်းဖြစ်တယ်လို့သိရပါတယ်။