Huawei ဟာ ကုမ္ပဏီရဲ့ နာမည်ကျော် Mate series ဖုန်းသစ်မှာ အမိုက်စားကင်မရာဒီဇိုင်း သုံးလာမယ်လို့ ယူဆရပါတယ်။
စမတ်ဖုန်းလောကမှ နာမည်ကြီးကုမ္ပဏီတွေဟာ ထူးခြားကွဲပြားတဲ့ ကျောဘက်ကင်မရာ setup ဒီဇိုင်းကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ ဒါကြောင့်ပဲ Apple နဲ့ Google တို့ဟာ စတုရန်းကင်မရာအိမ်ဒီဇိုင်း ၊ Samsung ဟာ လေးထောင့်စတုဂံကင်မရာအိမ် ၊ OnePlus နဲ့ Moto တို့ဟာ စက်ဝိုင်းပုံကင်မရာဒီဇိုင်းနဲ့ Nokia ဟာ ပျားအုံပုံစံ ကင်မရာဖွဲ့စည်းမှုတွေ သုံးခဲ့ကြတာ ဖြစ်ပါတယ်။
Photo: Android Authority
Huawei ကတော့ အောက်တိုဘာ၂၂ ရက်မှာ မိတ်ဆက်သွားမယ့် Huawei Mate 40 series မှာ ထူးထူးခြားခြား ရှစ်မြှောင့် ဒါမှမဟုတ် ခြောက်မြှောင့်ပုံကင်မရာအိမ်ဒီဇိုင်းကို သုံးလာမယ်လို့ Official Teaser မှာ ပြထားပါတယ်။ teaser အမြည်းပုံဖြစ်တဲ့အတိုင်း ခန့်မှန်းပြီးပဲ ပြောလို့ ရနိုင်မှာ ဖြစ်ပါတယ်။
သုံးသွားမယ့် ကင်မရာအရေအတွက် မသိရသေးပေမယ့် ကျောဘက်မှာ 50MP ကင်မရာ ပါလာမယ်လို့ သတင်းပြေးနေပါတယ်။ Huawei Mate 40 Pro မှာတော့ 80MP ultra-wide lens ကို သုံးသွားဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ Huawei အမှုဆောင်အရာရှိတစ်ဦးဖြစ်တဲ့ He Gang ဟာ Mate 40 နဲ့ နေ့ခင်းမှာ လကို Zoom ဆွဲရိုက်ထားတဲ့ပုံကို Weibo မှာ တင်ခဲ့ပါတယ်။
Photo: xda-developers
တရားဝင်ထွက်လာတဲ့ render ပုံကြမ်းမှာ Huawei Mate 40 စီးရီးရဲ့ ညာဘက်ဘောင်မှာ Volume ခလုတ်တွေ သုံးလာတာ တွေ့ရပါတယ်။ Huawei ဟာ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ Mate 30 စီးရီးမှာ Virtual buttons နည်းပညာသုံးသွားတာ ဖြစ်ပါတယ်။ Huawei ဟာ Mate 40 lineup မှာ မတူကွဲပြားတဲ့ ဒီဇိုင်းတွေ သုံးလာဖို့ ရှိပါတယ်။
Huawei Mate 40 ဖုန်းသစ်တွေဟာ 5nm process နဲ့ ထုတ်ထားတဲ့ Kirin 9000 SoC သုံးသွားဖို့ ရှိပြီး ဒီဖုန်းဟာ flagship Kirin silicon သုံး နောက်ဆုံး Mate series ဖြစ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ တရားဝင်အချက်အလက်တွေကိုတော့ အောက်တိုဘာ ၂၂ ရက်နေ့မှာ သိရတော့မှာ ဖြစ်ပါတယ်။