မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးမှာတော့ အသက်(၆၀)အထက် မဲဆန္ဒရှင် (၇)သိန်းကျော်ရှိတယ်လို့ သိရပါတယ် ။

မန္တလေးတိုင်းဒေသကြီး Stay Home မြို့နယ်ငါးခုမှာ နေထိုင်တဲ့ အသက်(၆၀) နှစ်အထက် မဲပေးမယ့်သူတွေကို အိမ်တိုင်ရာရောက်စနစ်နဲ့ ကြိုတင်မဲကောက်ယူသွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ၊ မြို့နယ် (၃၆)ခုမှာတော့ အသက်(၆၀)နဲ့အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၇)သိန်းကျော်ရှိနေပေမယ့် Stay at Home ကြေညာထားတဲ့ မြို့နယ်တွေနဲ့ တစ်စတုန်းရန်းကီလိုမီတာမှာ ပျှမ်းမျှလူဦးရေ (၅၀၀၀)နဲ့အထက်ရှိတဲ့ မြို့နယ်ငါးခုကိုပဲ အိမ်တိုင်ရာရောက်စနစ်နဲ့ကောက်ခံသွားမှာဖြစ်ပြီး ကျန်မြို့နယ်တွေက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာရုံးတွေမှာပဲ မဲပေးနိုင်မယ်လို့ သိရပါတယ်။



" ကျွန်တော်တို့က အခုက ဒီကြေညာထားတဲ့ ငါးမြို့နယ်ကိုတော့ အသက်(၆၀)နဲ့အထက်တွေကို အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်မှာပါ ။ မန္တလေးတစ်တိုင်းလုံးကတော့ အသက်(၆၀)အထက်က ၇ သိန်းကျော်တယ် ။ အခု ငါးမြို့နယ်ကတော့ သက်ဆိုင်ရာ မြို့နယ်တွေနဲ့ ရပ်ကျေးတွေက ခွဲပြီး မြို့နယ်အလိုက်စာရင်းထွက်နေပါပြီ။ကျန်တဲ့မြို့နယ်က အသက်(၆၀)အထက်တွေလည်း ကြိုတင်မဲပေးလို့ရပါတယ် ။ သူတို့ကတော့ ဒီငါးမြို့နယ်က မဟုတ်ရင် ရပ်/ကျေးရုံးမှာသွားပေးပေါ့။ အဓိကက ရွေးကောက်ပွဲနေ့မှာ အသက်(၆၀)နဲ့အထက်တွေ လူဦးရေမများရအောင်လို့ပေါ့ ။ ကြိုတင်မဲက ပေးကိုပေးရမယ်လည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲနေ့မှာ မဲရုံသွားပေးချင်တယ်ဆိုလည်း ရပါတယ် " လို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးကျော်ကျော်စိုးက Duwun ကို ပြောပါတယ်။

ကြိုတင်မဲကောက်ခံဖို့ကိုတော့ မိုဘိုင်းလ်ကားတွေနဲ့ ရပ်ကွက် ၊ လမ်းအလိုက် နေ့စဉ်ကောက်ခံဖို့ စီစဉ်နေပြီး သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက သိရပါတယ်။

" ကျွန်တော်တို့လည်း ကားနဲ့လှည့်ရမှာပဲ ။ အဲဒါကိုတင်ပြထားတယ် ။ ဒီမဲပုံးကြီးတွေနဲ့ ဆိုင်ကယ်နဲ့တို့ လမ်းလျှောက်သွားရင်တို့ လည်းအဆင်မပြေဘူး ။ ကားငှါးဖို့တင်ပြထားတယ်။မြိ့နယ်တွေကိုလည်း အစီအမံဆွဲခိုင်းထားတယ် ။ ဥပမာ ဒီရပ်ကွက်က လမ်း၁၀လမ်းရှိတယ်ဆို ပထမနေ့မှာ လမ်းသုံးလမ်း ၊ ဘယ်အဖွဲ့နဲ့ ဘယ်ကနေ ဘယ်အထိ ကြေညာပေးလိုက်မယ် ။ အဲဒီကလူတွေ အသင့်စောင့်နေပါ ။ နောက်နေ့ ဘယ်နှလမ်း စသည်ဖြင့် အဲဒီလိုသွားရမှာ " လို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးကျော်ကျော်စိုးက Duwun ကို ပြောပါတယ်။

လာမယ့် အောက်တိုဘာလ ၂၉ရက်ကနေ စတင်ကောက်ခံမယ့် အသက်(၆၀) နှစ်အထက် ကြိုတင်မဲပေးခြင်းကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ၊ ချမ်းအေးသာဇံမြို့နယ် ၊ ချမ်းမြသာစည်မြို့နယ် ၊ အောင်မြေသာဇံမြို့နယ် နဲ့ ပြည်ကြီးတံခွန်မြို့နယ်တို့မှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ် ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က