ရဟတ်ယာဥ်တွေပေါ်မှာ လိုက်ပါလာတဲ့ လူကိုးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အာဖဂန်နစ္စတန်တောင်ပိုင်း ဟဲလ်မန်းပြည်နယ်မှာ ဒဏ်ရာရစစ်သားများကို ရွှေ့ပြောင်းနေတဲ့ စစ်ဘက်ရဟတ်ယာဥ်နှစ်စီး တိုက်မိခဲ့မှုကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

(အာဖဂန်တပ်ဖွဲ့ဝင်အချို့) (Photo: EPA)

သေဆုံးသူအားလုံးဟာ Mi-17 ရဟတ်ယာဥ်နှစ်စီးပေါ်မှာ လိုက်ပါလာသူတွေဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ယနေ့ (အောက်တိုဘာ ၁၄ ရက်) ဒေသစံတော်ချိန် မနက်အစောပိုင်းက Nawa ခရိုင်မှာ ရဟတ်ယာဥ်နှစ်စီး တိုက်မိခဲ့ကြတာဖြစ်ပြီး စက်ချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။



အဆိုပါနေရာမှာ လတ်တလော ရက်ပိုင်းအတွင်း တာလီဘန်စစ်သွေးကြွအုပ်စုနဲ့ အမေရိကန်က လေကြောင်းတိုက်ခိုက်မှုဖြင့် ကူညီပေးနေတဲ့ အာဖဂန်အစိုးရတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေပါတယ်။ တာလီဘန်တို့က Lashkar Gah မြို့ ဆင်ခြေဖုံးနေရာတွေကို ဝင်ရောက်ရန်တိုက်ခိုက်နေကြပြီး ထိုမြို့ရှိ ခရိုင်တစ်ခုကို ၎င်းတို့က ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

(အာဖဂန်စစ်ဘက်ရဟတ်ယာဥ်တစ်စီး) (Photo: EPA)

အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂရဲ့ အဆိုအရ ဟဲလ်မန်း (Helmand) ပြည်နယ်ရှိ လူဦးရေ ၃၅,၀၀၀ ဟာ ၎င်းတို့ရဲ့ နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း သိရပါတယ်။ ယခုတိုက်ခိုက်မှုဟာ ကာတာနိုင်ငံမှာ ပြီးခဲ့တဲ့လမှာ ငြိမ်းချမ်း‌ရေးဆွေးနွေးမှုများ စတင်ခဲ့ပြီးနောက်ပိုင်း တာလီဘန်တို့ရဲ့ အပြင်းထန်ဆုံးနဲ့ ဆက်တိုက် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စေ့စပ်ညှိနှိုင်းသူတွေက အပစ်အခတ်ရပ်စဲရေးနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အာဏာခွဲဝေရေးကိစ္စကို မစတင်နိုင်သေးဘဲ ဆွေးနွေးမှုတွေဟာ ရှေ့မတိုးနိုင်ဖြစ်နေကြောင်း သိရပါတယ်။ တာလီဘန်တို့က လျှပ်စစ်ဓာတ်အားခွဲရုံတစ်ခုကို အောက်တိုဘာ ၁၂ ရက်နေ့မှာ တိုက်ခိုက်ခဲ့မှုကြောင့် ဟဲလ်မန်းပြည်နယ် နေရာအနှံ့အပြားနဲ့ အိမ်နီးချင်း ကန်ဒါဟာပြည်နယ်တို့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်နေပါတယ်။

(စစ်ပွဲကြောင့် ဒေသခံများ နေအိမ်စွန့်ခွာရွှေ့ပြောင်းကြရစဥ်) (Photo: EPA)

ထို့အတူ ဆက်သွယ်ရေးကွန်ရက် အများအပြားလည်းလည်း ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲများကြောင့် ခန့်မှန်းခြေအားဖြင့် မိသားစု ၅,၀၀၀ ခန့်ဟာ နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပြီး အချို့ကတော့ အနီးအနားရှိ ဒေသများမှ နေအိမ်နဲ့ အဆောက်အအုံတွေမှာ ခိုလှုံနေကြရပါတယ်။ အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ရဲ့ သမိုင်းဝင် ငြိမ်းချမ်းရေးဆွေးနွေးမှုကို စက်တင်ဘာ ၁၂ ရက်နေ့မှာ စတင်ပြုလုပ်နေခဲ့ပါတယ်။ ယခု ဆွေးနွေးပွဲဟာ အာဖဂန်ခေါင်းဆောင်တွေက ပထမဆုံးအကြိမ် တာလီဘန်စစ်သွေးကြွအုပ်စုနဲ့ တွေ့ဆုံဆွေးနွေးတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က