မဲစာရင်းမပါသူ ၂၀၀၀ကျော်ရှိခဲ့ပြီး ဒီထဲက ၁၅၀၀ကျော်က ဒုတိယအကြိမ်ပြန်လည်လျှောက်ထားခဲ့တာဖြစ်ပါတယ် ။

ပုံစံ(၁၅)နဲ့လျှောက်ထားခဲ့ပေမယ့် မဲစာရင်းမပါလာတဲ့အတွက် ပြန်လည်လျှောက်ထားသူ ၁၅၀၀ ဦးထဲက ၆၀၀ ကျော်အတွက် မဲလက်မှတ်တွေ စင်ကာပူနိုင်ငံကို ရောက်ရှိလာပြီဖြစ်တယ်လို့ Myanmar Club (Singapore) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပုံစံ(၁၅)နဲ့ မဲစာရင်းလျှောက်ထားခဲ့ပေမယ့် အမည်နဲ့မဲလက်မှတ်မပါဝင်သူ ၂၀၀၀ ကျော်ရှိခဲ့တဲ့အတွက် သံရုံးကနေ Google Form နဲ့ ဒုတိယအကြိမ်ပြန်လည်လျှောက်ထားစေပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့တာဖြစ်ပါတယ်။



" ပုံစံ(၁၅)နဲ့ လျှောက်ထားသူတွေထဲမှာ နာမည်စာရင်းပြန်မပါလာတာ ၂၀၀၀ကျော် ရှိတယ် ။ အဲဒီထဲကသူတွေကို သံရုံးက Google Form နဲ့ ပြန်တင်ခိုင်းတော့ ၁၅၀၀ကျော်ပြန်တင်ကြတယ် ။ အခုအဲဒီထဲက ၆၀၀ကျော်အတွက် မဲလက်မှတ်တွေ ညက ရောက်လာတယ် ။ သောကြာနေ့ Relief Flight နဲ့လည်း ထပ်ရောက်လာဦးမယ်တော့ ကြားတယ် ။ ၁၅၀၀လုံးအတွက်တော့ ရမလား မရမလားမသိဘူး ။ ဒီမဲပေးတဲ့ရက်အတွင်းမှာ ရဖို့တော့ ဆောင်ရွက်နေကြတာပဲ ။ မနေ့က ရောက်တဲ့ (၆၀၀)ကျော်ကိုတော့ ကြေညာထားပြီး Qနံပါတ်ယူပြီး မဲလာပေးဖို့အတွက်ပေါ့ " လို့ Myanmar Club (Singapore) ရဲ့ အတွင်းရေးမှူး ဒေါ်မေကျော်စိုးညွန့်က Duwun ကို ပြောပါတယ်။


ဓာတ်ပုံ-Myanmar Club (Singapore) မြန်မာသံရုံးတွင် ကြိုတင်မဲ လာရောက်ပေးကြသည့် စင်ကာပူရောက်မြန်မာနိုင်ငံသားများ

မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ စင်ကာပူနိုင်ငံကို ပြန်ပို့ခဲ့တဲ့ မဲစာရင်းတွေမှာ အမည်စာလုံးပေါင်းမှားယွင်းတာ ၊ မှတ်ပုံတင်နံပါတ်အချို့လွဲနေတာ ၊ အဖေနာမည်မှားယွင်းနေတာတွေရှိသလို မဲလက်မှတ်အပြည့်အစုံမပါတာ နဲ့ မဲလက်မှတ်မှားယွင်းတဲ့ ဖြစ်စဉ်အချို့လည်းရှိခဲ့တယ်လို့ သိရပါတယ်။

" UECက ပြန်ပို့တဲ့စာရင်းထဲမှာ အမှားအယွင်းတွေကတော့ ရှိပါတယ် ။ နာမည်မှားနေတာ ၊ မှတ်ပုံတင်နံပါတ်လွဲနေတာ ၊ အဖေနာမည်မှားနေတာတွေပေါ့ ။ အဲဒါ ဒီဘက်သံရုံးက ကိုယ့်မှာသက်သေပြဖို့ မှတ်ပုံတင်တို့ ၊ သန်းခေါင်စာရင်းလေး ဓာတ်ပုံရိုက်ထားတာတို့ပြခိုင်းပြီး အဲဒါတော့ ပြန်စိစစ်တယ် ။ မဲလက်မှတ်တွေက တစ်ယောက်နဲ့တစ်ယောက် မှားပေးလိုက်လို့က မဖြစ်ဘူးလေ ။ စိစစ်ပြီး မှန်ရင်တော့ မဲပေးခိုင်းတယ် ။ ရွေးကော်ဘက်ကကို မှားလာတဲ့ အမှားတွေက များတယ်ပေါ့ ။ တချို့ကျ ရန်ကုန်မှာနေတယ် ။ ရခိုင်နဲ့ ကရင်ရှိတယ် ။ ၁%ထက်ကျော်လို့ တိုင်းရင်းသားဝန်ကြီးရွေးရမယ်လေ။သူတို့ပုံစံ(၁၅)မှာလည်း ရခိုင် ၊ ကရင်လျှောက်ထားတယ်ပေါ့ ။ အဲဒါ လက်မှတ်ပါမလာတာ ရှိတယ်။ တချို့က ရခိုင်ပါဆိုမှ ကရင်မဲလက်မှတ်ဖြစ်နေတယ်။ မတတ်နိုင်ဘူးပေါ့နော် " လို့ Myanmar Club (Singapore) ရဲ့ အတွင်းရေးမှူး ဒေါ်မေကျော်စိုးညွန့်က Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-Myanmar Club (Singapore) မြန်မာသံရုံးတွင် ကြိုတင်မဲ လာရောက်ပေးကြသည့် စင်ကာပူရောက်မြန်မာနိုင်ငံသားများ

Myanmar Club (Singapore ) က မြန်မာသံရုံး ၊ စင်ကာပူနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးရေးမှာ ဝိုင်းဝန်းဆောင်ရွက်နေတဲ့ မှတ်ပုံတင်ထားပြီး လူမှုရေးအသင်းအဖွဲ့တစ်ခု ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲက ကြိုတင်ဆန္ဒမဲပေးဖို့ လျှောက်ထားသူ သုံးသောင်းလေးထောင်ခန့်ရှိခဲ့ပြီး ဒီထဲကမှ သုံးသောင်းနှစ်ထောင်ကို ပြည်ပရောက်မဲဆန္ဒရှင်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ခဲ့တာ ဖြစ်ပါတယ် ။ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ ကြိုတင်ဆန္ဒမဲပေးခြင်းကိုတော့ အောက်တိုဘာလ ၁ရက်နေ ၁၈အထိ နေ့စဉ် မြန်မာသံရုံး ၊ စင်ကာပူမှာ ဆောင်ရွက်နေတာ ဖြစ်ပါတယ် ။







ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က