လက်ရှိ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်ဆွဲနှုတ်ဆက် နေတဲ့ပုံကို ဖြန့်ဝေပြီး ဦးကိုကိုကြီးက တပ်နဲ့ပူးပေါင်းဖို့ ကြိုးစားနေတဲ့အကြောင်း ရေးသားပြောဆိုမှုတွေ ရှိနေပါတယ် ။
ဒါနဲ့ ပတ်သက်ပြီး ပြည်သူ့ပါတီရဲ့ "မင်္ဂလာပါ တောင်ဥက္ကလာ" လူမှုကွန်ရက်ဆွေးနွေးပွဲမှာ ပြည်သူတစ်ဦးက ဦးကိုကိုကြီးရဲ့ ပြန်လည်ရှင်းလင်းချက်ကို သိလိုတဲ့အတွက် မေးမြန်းခဲ့ရာမှာ ဦးကိုကိုကြီးက အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။
" ဒီပုံတစ်ပုံထဲကို ဖြတ်ပြီးတော့ ပြောရရင်တော့ အောက်လုံးထိုးတာပေါ့။ မလုပ်ကောင်းပါဘူးလို့။ ကျွန်တော်တို့က နိုင်ငံရေး ရပ်တည်ချက် အင်မတန်ခိုင်မာတဲ့ သူတွေမို့လို့သာ ယိမ်းယိုင်မသွားတာ။ တွန်းပို့တာမျိုး ၊ ကန်ထည့်တာမျိုး မလုပ်ပါနဲ့။ အဲဒါတော်ရုံတန်ရုံ မခံနိုင်တဲ့သူဆို နည်း(၂)မျိုးရှိတယ်။ တစ်ခုက နိုင်ငံရေးကိုစိတ်ပျက်ပြီးတော့ မလုပ်တော့ဘူးကွာဆိုပြီး ထွက်သွားတာ ဖြစ်နိုင်တယ်။ နောက်တစ်ခုက မင်းတို့က ငါ့ကို ဒီလို တံဆိပ်ကပ်ပြီး ကန်ထည့်တဲ့အခါ ငါလည်း တခြားရွေးစရာမရှိတော့ဘူးဆိုပြီး ဒီလို ဖြစ်သွား နိုင်တယ်။ သို့သော် ကျွန်တော်တို့က အခု ဆဲဆိုနေတဲ့သူတွေ ခင်ဗျားတို့ ကျွန်တော်တို့လောက် ဒဏ်မခံခဲ့ရပါဘူး ။ ကျွန်တော် ဇာတ်နာအောင်အသေးစိတ်မပြောပါဘူး။ ခိုးကြောင်ခိုးဝှက် ဆက်ဆံတာမရှိဘူး။ အပေးအယူလုပ်တာမရှိဘူး။ ကိုယ့်နိုင်ငံရေး ရပ်တည်ချက်အပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်တယ်။ သို့သော် တစ်ချိန်တုန်းက ကျွန်တော်တို့က သူတို့ကို ဆန့်ကျင်တယ်ဆိုပြီး ဖိနှိပ်ညှင်းပန်းမှုတွေလုပ်ခဲ့ပေမဲ့ ရန်သူက လေးစားလောက်တဲ့ ရန်သူဖြစ်အောင်တော့ ကျွန်တော်အမြဲတမ်းရပ်တည်တယ်"လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။
ဓာတ်ပုံ- ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး "မင်္ဂလာပါ တောင်ဥက္ကလာ "အွန်လိုင်းဆွေးနွေးပွဲ ပြုလုပ်နေစဉ်
ဒီဓာတ်ပုံက NCA လေးနှစ်မြောက်အခမ်းအနားမှာ JMC ရဲ့ ပြည်ထောင်စုအဆင့်အဖွဲ့ဝင်အနေနဲ့ တက်ရောက်စဉ်က ရိုက်ကူးခံခဲ့ရတဲ့ ဓာတ်ပုံဖြစ်ပြီး အဲဒီနေ့အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တင်မကဘဲ နိုင်ငံတော်အကြီးအကဲများ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံနှုတ်ဆက်ခဲ့တာဖြစ်တယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။
" ဓာတ်ပုံကိစ္စကြည့်ပြီး ပြန်ပြောချင်စိတ်တောင် မရှိဘူး။ NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) လေးနှစ်မြောက် အခမ်းအနားမှာ JMC (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ) ရဲ့ ပြည်ထောင်စုအဆင့် အဖွဲ့ဝင်များအနေနဲ့ ကျွန်တော်တို့ တက်ရပါတယ်။ တက်တော့ group photo ရိုက်ကြတဲ့အခါ ၊ ရိုက်ပြီးတော့ ကျွန်တော့်ရှေ့ တည့်တည့်မှာ သမ္မတကြီးဦးထင်ကျော်၊ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အကုန်လုံးကို နှုတ်ဆက်ပါတယ်။ နှုတ်ဆက်ပြီးတော့ တဆက်တည်း တစ်တန်းတည်း ထိုင်နေတဲ့ KNU က ဗိုလ်ချုပ်ကြီး မူတူးဆေးဖောရော၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရော ကျွန်တော်နှုတ်ဆက်တာ။ ကျွန်တော်နှုတ်ဆက်ခဲ့တာ ခိုးကြောင်ခိုးဝှက်တွေ့ခဲ့တာလည်းမဟုတ်ဘူး။ အခမ်းအနားက ကင်မရာတွေ အများကြီးရှေ့မှာ အခမ်းအနားမှာ ဆုံတဲ့သူတွေနဲ့ နှုတ်ဆက်ခဲ့တယ်" လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။
လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီက ဥက္ကဌ ဦးကိုကိုကြီးအပါအဝင် ကိုယ်စားလှယ်လောင်း (၁၄၇)ဦးက တိုင်းဒေသကြီး (၇)ခု ၊ ပြည်နယ် (၃)ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော် (၄၂)ဦး၊ အမျိုးသားလွှတ်တော် (၁၀)ဦး နဲ့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (၉၅)ဦး ဖြစ်တယ်လို့ သိရပါတယ်။