ခိုးယူသွားတဲ့ ဆွဲကြိုးကို ဆိုင်လာရောင်းရင်းဖမ်းဆီးရမိခဲ့တာပါ။

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းက အိမ်ရှင်အမျိုးသမီးကို သတ်ပြီး ရွှေထည်ပစ္စည်းတွေယူသွားတဲ့ တရားခံကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ရဲဇာနည်မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အသတ်ခံရတဲ့အမျိုးသမီးက အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးရဲ့ ဇနီးဖြစ်ပြီး နေအိမ်ခြံဝန်းအတွင်းမှာပဲ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

စက်တင်ဘာလ(၉)ရက်နေ့ ညပိုင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ခင်ပွန်းဖြစ်သူ ရုံးပြန်ရောက်မလာခင် ဇနီးဖြစ်သူနေအိမ်မှာတစ်ယောက်တည်းရှိနေစဉ် အမျိုးသားတစ်ဦးက အနုကြမ်းဝင်စီးကာ လူကိုသတ်ပြီး ရွှေထည်ပစ္စည်းတွေယူသွားခဲ့တာပါ။

ရွှေထည်ပစ္စည်းတွေအပါအဝင် ဟန်းဖုန်းတစ်လုံးနဲ့ စုစုပေါင်း ကျပ်သိန်း (၁၆၀)ခန့် ပျောက်ဆုံးခဲ့တာကြောင့် လူသတ်မှု၊လုယက်မှုတို့နဲ့ အမှုဖွင့်ကာ တရားခံဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ (၁၃)ရက်နေ့မှတော့ တရားခံလို့ ယူဆရသူက နေပြည်တော် သပြေကုန်းက ရွှေဆိုင်တစ်ခုကို ဆွဲကြိုးလာရောက်ပေါင်နှံစဉ်မှာ ဘောင်ချာမပါလို့ ဆိုင်ကလက်မခံတာကြောင့် ဆိုင်ကယ် နဲ့ပြန်သွားခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ရဲတပ်ဖွဲ့က ရွှေဆိုင်က CCTV မှတ်တမ်းကိုပြန်ကြည့်ကာ ဆိုင်ကယ်နံပတ်ပြားနဲ့ လူပုံသဏ္ဍန်ကို စိစစ်ရမိခဲ့ပြီး ရဲတပ်ဖွဲ့က နောက်ယောင်ခံလိုက်စုံစမ်းနေခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အဆိုပါအမျိုးသားက မြို့မဈေးကရွှေဆိုင်တစ်ဆိုင်ကို ထပ်မံသွားရောက်ရောင်းချခဲ့ရာ ရဲတပ်ဖွဲ့က စစ်ဆေးရာမှာတော့ သူရောင်းချတဲ့ဆွဲကြိုးက လူသတ်မှုဖြစ်စဉ်မှာ ပျောက်ဆုံးနေတဲ့ ရွှေထည်ဖြစ်လို့ တရားခံအဖြစ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

တရားခံက အသက် (၄၆)နှစ်အရွယ် အမျိုးသားဖြစ်ပြီး နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ကျေးရွာမှာနေထိုင်သူဖြစ်ပါတယ်။ 

လက်ရှိမှာတော့ တရားခံကိုဖမ်းဆီးကာ အမှုဖြစ်ပွါးခဲ့တဲ့နေ့က ဖြစ်စဉ်များကို စစ်ဆေးမေးမြန်းကာ ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က