စပိန်နိုင်ငံမှာ COVID-19 ကပ်ရောဂါကာလအတွင်း အသုံးများလာပြီး နေရာတကာတွေ့နေရတဲ့ လက်သန့်စင်ဆေးကို မျိုချမိရာမှ ကလေးငယ်အများအပြား အဆိပ်သင့်မှုကြောင့် ကုသရမှုအရေအတွက်ဟာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
စပိန်နိုင်ငံရဲ့ National Toxicological and Forensic Institute က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်မှုအရ ထိုလက်သန့်စင်ဆေးတွေကြောင့် အဆိပ်သင့်တဲ့ ကလေးအရေအတွက်ဟာ ယခုနှစ်မှာ လက်ရှိအချိန်အထိ ၈၇၄ ဦးရှိလာခဲ့ပြီး ၂၀၁၉ ခုနှစ်ကထက် ၁၀ ဆပိုများလာခဲ့တယ်လို့ ဆိုပါတယ်။ လက်သန့်စင်ဆေး အဆိပ်သင့်တဲ့ ကလေးတွေအနက် လမ်းလျှောက်တတ်စအရွယ်တွေက သုံးပုံနှစ်ပုံ ပါဝင်နေပါတယ်။
၎င်းတို့အနက် အများစုဟာ လက်သန့်စင်ဆေးကို မျိုချခဲ့ကြပြီး ရာခိုင်နှုန်းအနည်းငယ်ကတော့ မျက်လုံးထဲဝင်ခြင်း သို့မဟုတ် ရှူရှိုက်မိရာမှ မူးဝေခြင်းတို့ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ "အများဆုံး တွေ့ရလေ့ရှိတဲ့ လက်သန့်စင်ဆေး အဆိပ်သင့်လက္ခဏတွေက အစာခြေလမ်းကြောင်းနာကျင်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ချောင်းဆိုခြင်း၊ မျက်လုံးနီရဲခြင်း၊ မျက်ရည်ကျခြင်း သို့မဟုတ် အမြင်အာရုံဝေဝါးခြင်းတို့ ဖြစ်ပါတယ်" လို့ National Toxicological and Forensic Institute က အစီရင်ခံစာတစ်ခုမှာ ပြောထားပါတယ်။
(Photo: Reuters)
လက်သန့်စင်ဆေး အဆိပ်သင့်မှုတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ထိုလက္ခဏာများ ရှိခဲ့ကြပြီး အချိန်တိုအတွင်း ပျောက်ကင်းသွားတယ်လို့ ဆိုပါတယ်။ စပိန်မှာ လက်သန့်စင်ဆေး ပြင်းထန်စွာ အဆိပ်သင့်ခဲ့သူ လေးဦး သို့မဟုတ် ငါးဦးရှိခဲ့ပြီး ၎င်းတို့ဟာ အရွယ်ရောက်ပြီးသူများ ဖြစ်တယ်လို့ တရားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးနဲ့ National Toxicological and Forensic Institute ရဲ့ ကြီးကြပ်သူက ပြောပါတယ်။
လက်သန့်စင်ဆေး အဆိပ်သင့်မှုကြောင့် သေဆုံးသူမရှိခဲ့ကြောင်းလည်း သူမက ဆိုပါတယ်။ စပိန်နိုင်ငံမှာ လက်သန့်စင်ဆေးတွေကို ရထားဘူတာရုံအားလုံး၊ စတိုးဆိုင်များ၊ ကျောင်းများနဲ့ အများပြည်သူသုံး သန့်စင်ခန်းများမှာ အခမဲ့ ရရှိနိုင်ပါတယ်။ COVID-19 ကူးစက်ခံရသူ ၉၀၀,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၃၃,၀၀၀ ကျော်ရှိနေတဲ့ စပိန်ဟာ အနောက်ဥရောပမှာ ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။
(Photo: AFP)
စပိန်အာဏာပိုင်တွေက မက်ဒရစ်အပါအဝင် နယ်မြေတွေကို ပိတ်ပင်ကန့်သတ်တဲ့ စီမံဆောင်ရွက်မှုများဖြင့် ကူးစက်မှုလျော့ကျရန် လုပ်ဆောင်နေပါတယ်။ လက်သန့်စင်ဆေးတွေမှာ မီသိုင်းလ်အလယ်လ်ကိုဟော (methyl alcohol) ကဲ့သို့ အဆိပ်သင့် ပိုးသတ်ဆေးတစ်မျိုး ပုံမှန် ပါဝင်လေ့ရှိ အများပြည်သူအနေနဲ့ ၎င်းတို့ကို အသုံးပြုချိန်နဲ့ သိမ်းဆည်းထားချိန်မှာ သတိထားရန်လိုအပ်ကြောင်း ကမ္ဘာတစ်ဝန်း ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းတွေက သတိပေးခဲ့ကြပါတယ်။
ဩဂုတ်လအတွင်းမှာ အမေရိကန် အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးဌာန ( Food and Drug Administration - FDA) က လက်သန့်စင်ဆေးတွေကို ကလေးငယ်တွေရဲ့ အစားအစာအိတ်နဲ့ သောက်စရာဘူးတွေနဲ့အတူ ရောနှောထုတ်ပိုးခြင်းမပြုရန် သတိပေးခဲ့ပါတယ်။ ဒါ့အပြင် အစားအစာအနံ့ရှိတဲ့ လက်သန့်စင်ဆေးတွေကို ကလေးငယ်တွေက မျိုချမိနိုင်တာကြောင့် အသုံးမပြုကြရန်လည်း အမေရိကန် FDA က သတိပေးခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။