၇၈ ရာခိုင်နှုန်းက အကျင့်စာရိတ္တကောင်းမွန်ခြင်းကို အဓိက ကြည့်ပြီး ရွေးချယ်တာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ အမတ်လောင်းတစ်ဦးကို မဲပေးရွေးချယ်ဖို့ ဆုံးဖြတ်ရာမှာ အကျင့်စာရိတ္တကောင်းမွန်ခြင်းကို အဓိကဦးစားပေးရွေးချယ်ကြဖို့ဆန္ဒရှိတယ်လို့ ပြည်သူ့ဆိုင်ရာ ရွေးကောက်ပွဲလှုပ်ရှားမှု အဖွဲ့ရဲ့ စစ်တမ်းမှာဖော်ပြထားပါတယ်။

ပြည်သူ့ဆိုင်ရာ ရွေးကောက်ပွဲလှုပ်ရှားမှုအဖွဲ့ (PACE) ရဲ့ ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲအကြိုစစ်တမ်းအတွက် ပြည်သူတွေကို တွေ့ဆုံမေးမြန်းမှုပေါင်း ၂၅၇၇ခု ပြုလုပ်ခဲ့ရာ အမတ်လောင်းတစ်ဦးကိုရွေးချယ်ဖို့ ဆုံးဖြတ်တဲ့အခါ ၇၈ ရာခိုင်နှုန်းက အကျင့်စာရိတ္တကောင်းမွန်ခြင်းကို အဓိက ကြည့်ပြီး ရွေးချယ်တာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အများပြည်သူကိစ္စတွေမှာပါဝင်ဆောင်ရွက်မှုနဲ့ ပညာအရည်အချင်းကို ကြည့်ပြီး ရွေးချယ်ခဲ့သူက ၅၉ ရာခိုင်နှုန်းနဲ့ ၅၁ ရာခိုင်နှုန်းရှိခဲ့တယ်လို့လည်း စစ်တမ်းမှာဖော်ပြထားပါတယ်။ နိုင်ငံရေးဖြတ်သန်းမှု/အတွေ့အကြုံကို ကြည့်ပြီး ရွေးချယ်တာက ၂၅ ရာခိုင်နှုန်း၊ တိုင်းရင်းသား/လူမျိုးကို ကြည့်ပြီး ရွေးချယ်သူက ၁၁ ရာခိုင်နှုန်း၊ ဘာသာရေးကိုကြည့်ပြီး ရွေးချယ်သူက ၁၀ ရာခိုင်နှုန်း၊ အသက်အရွယ်ကိုကြည့်ပြီး ရွေးချယ်သူက ၈ ရာခိုင်နှုန်း၊ မြို့နယ်မှာနေထိုင်လို့ ရွေးချယ်တာက ၈ ရာခိုင်နှုန်း၊ မိမိထောက်ခံတဲ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းဖြစ်လို့ ရွေးချယ်တာက ၇ ရာခိုင်နှုန်း ရှိခဲ့တယ်လို့လည်း (PACE)စစ်တမ်းအရ သိရပါတယ်။ စီးပွားရေးလုပ်ငန်းအတွေ့အကြုံ၊ မူဝါဒ/လုပ်ငန်းလမ်းစဉ်တွေကို ကြည့်ပြီး ရွေးချယ်တာက ၇ ရာခိုင်နှုန်းစီ ရှိခဲ့ပြီး မဲဆွယ်စည်းရုံးရေးကတိကဝတ်၊ ကျား-မ ဖြစ်မှု၊စစ်ရေးအတွေ့အကြုံ တွေကိုကြည့်ပြီး ရွေးချယ်တာက ၃ ရာခိုင်နှုန်းစီရှိခဲ့တယ်လို့လည်းဆိုပါတယ်။



ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု PACEအဖွဲ့က ထုတ်ပြန်ထားတဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအကြိုစစ်တမ်းမှာ နိုင်ငံသားတွေရဲ့ နိုင်ငံံရေးသဘောထားအမြင်တွေကို မေးမြန်းထားတာဖြစ်ပြီး အဆိုပါ စစ်တမ်းထဲမှာ ပြည်သူတွေ နိုင်ငံရေးအပေါ်စိတ်ပါဝင်စားမှု၊ မဲပေးလိုစိတ်၊ နိုင်ငံရေးပါတီများအပေါ်သဘောထားအမြင်၊ အင်စတီကျူးရှင်းများအပေါ်ယုံကြည်မှု၊ နိုင်ငံရဲ့လက်ရှိအခြေအနေအပေါ်ယေဘုယျအမြင် စတာတွေကို ဖော်ပြထားတာလည်းဖြစ်ပါတယ်။ အဆိုပါ စစ်တမ်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တွေ့ဆုံမေးမြန်းမှု ၂, ၅၇၇ ခုကို သြဂုတ်လ ၃ရက်မှ ၅ရက်အတွင်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ကပ်ရောဂါနဲ့အခြားလုံခြုံရေးဆိုင်ရာအခက်အခဲတွေကြောင့် ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့က နေရာတစ်ချို့မှာတော့ တွေ့ဆုံမေးမြန်းမှုကို ရည်မှန်းထားတဲ့ အရေအတွက်အတိုင်း ပြုလုပ်နိုင်ခြင်းမရှိခဲ့တာကြောင့် ဒီအစီရင်ခံစာပါ တွေ့ရှိချက်တွေက အဲဒီဒေသတွေက လူထုရဲ့သဘောထားကို ထင်ဟပ်နိုင်မှာမဟုတ်ဘူးလို့ PACE အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က