ထိုင်းနိုင်ငံမှာ အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ခဲ့ပြီးနောက် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဝန်ကြီးချုပ်ရုံးအပြင်ဘက်ရှိ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ယနေ့ (အောက်တိုဘာ ၁၅ ရက်) မနက်အစောပိုင်းမှာ ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။
(Photo: Getty Images)
ထိုင်းအစိုးရက ထုတ်ပြန်လိုက်တဲ့ အရေးပေါ်အမိန့်ဒီကရီက လူစုလူဝေးမလုပ်ရန်နဲ့ အများပြည်သူကို စိုးရိမ်ကြေက်လန့်စေမယ့် သတင်းရေးသားဖော်ပြမှုကို တားမြစ်ထားပါတယ်။ ထိုင်းမှာ ပြီးခဲ့တဲ့ သုံးလအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက်ပေါ်ပေါက်နေခဲ့ပြီး ဆန္ဒပြသူ ထောင်ပေါင်းများစွာက ဘန်ကောက်မြို့ လမ်းမတွေပေါ်ထွက်ကာ စစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ရာထူးမှနုတ်ထွက်ရန်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲရန် တောင်းဆိုနေခဲ့ကြပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေက ထိုင်းနိုင်ငံမှာ ကာလရှည်ကြာ တားမြစ်ထားမှုကို ဆန့်ကျင်ချိုးဖောက်ပြီး ဩဇာကြီးမားတဲ့ မဟာဗာဂျီယာလောင်ကွန်းရဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန်လည်း တောင်းဆိုလာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်တွေမှာ ဘုရင်မဟာဗာဂျီယာလောင်ကွန်းရဲ့ ယာဥ်တန်းကို ဆန္ဒပြသူတွေက အော်ဟစ်ပြောဆို နှောင့်ယှက်ခဲ့မှုဟာ ယခုကဲ့သို့ အရေးပေါ်ဒီကရီ ထုတ်ပြန်လိုက်ရခြင်းရဲ့ အကြောင်းရင်တစ်ခုဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။
(Photo: Rapeephat Sitichailapa/AP)
ထိုင်းအစိုးရက အရေးပေါ်အမိန့်ဒီကရီက ယနေ့ ဒေသစံတော်ချိန် မနက် ၄ နာရီမှာ စတင်သက်ရောက်ခဲ့ပြီးနောက် မကြာမီမှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဝန်ကြီးချုပ်ရုံးတည်ရှိရာ အစိုးရအိမ်တော် (အစိုးရအဆောက်အအုံဝင်း) အပြင်ဘက်ရှိ ဆန္ဒပြသူတွေကို ရှင်းလင်းခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေအနက် အများအပြားကတော့ ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညပိုင်းကတည်းက ထိုနေရာမှ ထွက်ခွာသွားခဲ့ကြပြီး ဖြစ်ပါတယ်။ ကျန်ရှိနေခဲ့တဲ့ ဆန္ဒပြသူတွေက အမှိုက်ပုံးများကဲ့သို့ အတားအဆီးများဖြင့် ရဲတပ်ဖွဲ့ကို ခုံခံရန်ကြိုးပမ်းခဲ့ကြသေးပေမဲ့ ရဲတပ်ဖွဲ့က ၎င်းတို့ကို လျင်လျင်မြန်မြန် တွန်းထုတ်ရှင်းလင်းခဲ့ပါတယ်။ မနက်အာရုဏ်တက်ချိန်မှာတော့ အစိုးရအိမ်တော် အနီးပတ်ဝန်းကျင်ရှိ လမ်းမတွေမှာ ရဲတပ်ဖွဲ့က နေရာယူထားပြီး မြို့တော်သန့်ရှင်းရေးအလုပ်သမားတွေက သန့်ရှင်းရေး စတင်လုပ်ဆောင်ခဲ့ကြကြောင်း သိရပါတယ်။
(Photo: Rapeephat Sitichailapa/AP)
ယနေ့ မနက်အစောပိုင်း ရဲတပ်ဖွဲ့က ရှင်းလင်းရေးလုပ်ဆောင်စဥ် ဆန္ဒပြခေါင်းဆောင် အနည်းဆုံး သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း လူ့အခွင့်အရေးအဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့ (Thai Lawyers for Human Rights) က ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ လက်ရှိမှာ မှတ်ချက်ပေးပြောကြားခြင်း မရှိသေးကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။
အခြေအနေ မတည်မငြိမ်ဖြစ်မှုကို ထိန်းသိမ်းရန်နဲ့ ယာဥ်တန်းကို အနှောင်အယှက်ပြုခဲ့ပြီးနောက် အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။ "ဒီအခြေအနေကို ထိထိရောက်ရောက် အဆုံးသတ်ရေးနဲ့ တည်ငြိမ်းအေးချမ်မှုနဲ့ အမိန့်ညွှန်ကြားချက်တွေ ထိန်းသိမ်းလိုက်နာစေရေး အရေးပေါ် စီမံဆောင်ရွက်မှု မလွှဲမရှောင်သာ အလွန်လိုအပ်ပါတယ်" လို့ ထိုင်းအစိုးရ ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။
(ထိုင်းဘုရင်နဲ့ မိဖုရား) (Photo: Reuters)
အရေးပေါ်အမိန့်ဒီကရီအရ လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုတဲ့ လူစုလူဝေးလုပ်မှုကို တားမြစ်ထားပြီး အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ နေရာများသို့ အများပြည်သူ ဝင်ရောက်ခြင်းမပြုရန် ပိတ်ပင်နိုင်ပါတယ်။ ထို့အတူ အများပြည်သူ စိုးရိမ်ကြောက်လန့်စေမယ့် ရေးသားမှု သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားတဲ့ ရေးသားမှုများ ပါဝင်နေတဲ့ သတင်း၊ အခြား မီဒီယာနဲ့ အီလက်ထရောနစ် သတင်းအချက်အလက် ထုတ်ဝေခြင်း၊ နိုင်ငံတော်လုံခြုံရေး သို့မဟုတ် တည်ငြိမ်အေးချမ်းမှုနဲ့ အမိန့်ညွှန်ကြားချက်ကို သက်ရောက်မှုရှိလာမယ့် အထင်မှားစေရန် ဖန်တီးခြင်းတို့ကို တားမြစ်ထားပါတယ်။
(Photo: Reuters)
ယနေ့ မနက်အစောပိုင်းမှာ အဆိုပါ အရေးပေါ်အမိန့်ဒီကရီဖြင့် ဆန္ဒပြသူတွေကို ဖယ်ရှားရှင်းလင်းခဲ့စဥ် ဆန္ဒပြခေါင်းဆောင် သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း Thai Lawyers for Human Rights က ပြောထားပါတယ်။ ဖမ်းဆီးခံရသူတွေဟာ Parit Chirawat ၊ လူ့အခွင့်အရေးဆိုင် ရှေ့နေ Arnon Nampa နဲ့ Panupong Jadnok တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖမ်းမခံရမီမှာ ဆန္ဒပြခေါင်းဆောင် Arnon က ဆန္ဒပြသူတွေကို အစိုးရအိမ်တော်အပြင်ဘက်နေရာမှ ထွက်ခွာကြရန်နဲ့ ယနေ့ ညနေ ၄ နာရီအချိန် ဘန်ကောက်မြို့ရဲ့ စီးပွားရေးအချက်အချက်နေရာ Ratchaprasong မှာ ပြန်လည်စုရုံးကြရန် မှာကြားခဲ့ကြောင်းလည်း သိရပါတယ်။
(ဆန္ဒပြခေါင်းဆောင် Panusaya Sithijirawattanakul) (Photo: Lilian Suwanrumpha/AFP)
ထို့အတူ လူငယ်ဆန္ဒပြခေါင်းဆောင် Panusaya Sithijirawattanakul ကလည်း ယနေ့ ညနေ ၄ နာရီအချိန် Central World ဈေးဝယ်စင်တာအနီး Ratchaprasong မှာ လူပြန်စုကြရန် တိုက်တွန်းခဲ့ပါတယ်။ နောက်ထပ် ဆန္ဒပြခေါင်းဆောင်တွေ ဖမ်းဆီးခံရမယ်လို့ ယုံကြည်ကြောင်းလည်း သူမက ပြောပါတယ်။
BBC သတင်းတစ်ရပ်မှာတော့ ရဲတပ်ဖွဲ့က လူ ၂၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်းနဲ့ Panusaya Sithijirawattanakul အပါအဝင် အဓိက ဆန္ဒပြခေါင်းဆောင်တွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသား Krissana Pattanacharoen က ယနေ့ ညနေ ၄ နာရီ စုရုံးမှုမှာ ပါဝင်ခြင်းကို အမိန့်ဖီဆန်ပြီး ဥပဒေချိုးဖောက်မှုအဖြစ် ယူဆသတ်မှတ်မယ်လို့ ဆိုပါတယ်။
(ထိုင်းဝန်ကြီးချုပ် ပရာယွတ်) (Photo: Reuters)
ထိုင်းနိုင်ငံမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာက အောက်တိုဘာ ၁၄ ရက်နေ့မှာ စုရုံးချီတက်ကာ ဝန်ကြီးချုပ်ပရာယွတ် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ယခင် စစ်တပ်အကြီးအကဲဖြစ်သူ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်က ဝန်ကြီးချုပ်ယင်လတ် အစိုးရကို စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့ပြီးနောက် ထိုင်းနိုင်ငံကို စစ်အစိုးရတစ်ရပ်ဖြင့် ငါးနှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ထိုကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲအတည်ပြုခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ရာ စစ်တပ်ပါဝင်နေတဲ့ ပရာယွတ်ရဲ့ Palang Pracharath ပါတီ အနိုင်ရခဲ့ပြီး ၎င်းက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ စစ်အစိုးရလက်ထက်မှာ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေက ပရာယွတ်ကို ရွေးကောက်ပွဲအနိုင်ရစေရန် အခွင့်အရေးပေးခဲ့ကြောင်း ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့ကြောင်း သိရပါတယ်။
.
Share