ကိုယ်စားလှယ်လောင်းသုံးဦးနဲ့အတူပါသွားတဲ့ အဖွဲ့ဝင်သုံးဦးကတော့ လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်က NLDပါတီရဲ့ ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးသွားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ကိုယ်စားလှယ်တွေကို ကျန်းကျန်းမာမာနဲ့ ပြန်လွှတ်ပေးဖို့အတွက် NLD ပါတီနဲ့အတူ အခြားပြိုင်ဘက်ပါတီတွေကလည်း တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းက အရပ်ဝတ်ဝတ်ဆင်ထားပြီး အချင်းချင်း မြောက်ပိုင်းရခိုင်လေသံနဲ့စကား ပြောဆိုကြတဲ့ ရခိုင်လူမျိုးတွေဖြစ်တယ်လို့ ကိုယ်စားလှယ်လောင်းသုံးဦးနဲ့အတူ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ စည်းရုံးရေးအဖွဲ့ဝင် သုံးဦးထံက သိရတယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က Duwun ကိုပြောပါတယ်။



" ကိုယ်စားလှယ်လောင်းသုံးဦးနဲ့အတူပါသွားတဲ့ မဲဆွယ်စည်းရုံးရေးမှာပါဝင်ခဲ့တဲ့ အဖွဲ့ဝင်သုံးဦးတော့ ပြန်လွတ်လာပါတယ်။သူတို့ကို စက်လှေနဲ့ခေါ်ဆောင်တဲ့အချိန်မှာ ပြန်လွှတ်ပေးလိုက်တယ် ဒါမှမဟုတ် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။ သူတို့ပြောစကားအရ လာရောက်ဖမ်းဆီးသူများဟာ အရပ်ဝတ်နဲ့ ပြောင်းရှည်သေနတ်တွေကိုင်ထားတယ်။သူတို့အချင်းချင်း မြောက်ပိုင်းရခိုင်လေသံနဲ့စကားပြောတယ်။ပြုမူပြောဆိုပုံကလည်း ရခိုင်အမျိုးသားတွေဖြစ်မယ်လို့ ပြောတဲ့အတွက် လောလောဆယ် Facebook ပေါ်မှာ ပျံ့နေတဲ့ AAရဲ့ထုတ်ပြန်ချက်ကို အမှန်လို့ အတည်ယူသတ်မှတ်ထားပါတယ်။ဒီအခင်းဖြစ်ပွားတဲ့နေရာမှာ တခြားနိုင်ငံရေးပါတီတွေကလည်း မဲဆွယ်စည်းရုံးရေးလုပ်ခဲ့ပြီးသား နေရာဖြစ်ပါတယ်။ကျွန်တော်တို့ပါတီရဲ့ မဲဆွယ်စည်းရုံးတဲ့အခါမှာတော့ အခုလို ဥပဒေမဲ့ဖမ်းဆီးခြင်းခံရတာ တရားမျှတမှုမရှိဘူးလို့ မြင်ပါတယ်။ ကိုယ်စားလှယ်လောင်း သုံးဦးဟာ ဥပဒေပါ အခွင့်အရေးကျင့်သုံးနေတာဖြစ်ပါတယ်။လက်နက်အင်အားနဲ့အခုလို ချုပ်နှောင်ဖမ်းဆီးထားတာကနေ အမြန်ဆုံးကျန်းကျန်းမာမာနဲ့ ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ကတော့ တောင်းဆိုပါတယ် " လို့ ဒေါက်တာမျိုးညွန့်က Duwun ကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့ NLD ပါတီရဲ့ တောင်ကုတ်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးက ဖောင်းခါးကျေးရွာမှာ မဲဆွယ်စည်းရုံးရေးဟောပြောမှုလုပ်ဆောင်ဖို့အတွက် ရောက်ရှိနေတာဖြစ်ပြီး ဟောပြောပွဲမတိုင်ခင် ဖမ်းဆီးခေါ်ဆောင် သွားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALDP)ရဲ့ ကိုယ်စားလှယ်လောင်းတွေလည်း မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့သလို ဒီလိုဖမ်းဆီးခေါ်ဆောင်တဲ့ ဖြစ်စဉ်မျိုး ဖြစ်လာဖို့ မမျှော်လင့်ထားခဲ့ဘူးလို့ ALDP ကိုယ်စားလှယ်လောင်း ဦးမြင့်မောင်က Duwun ကိုပြောပါတယ်။

" ဒါဟာ မဖြစ်သင့်တဲ့ကိစ္စပါပဲ ။ သူတို့အတွက် စိုးရိမ်ပါတယ်။ဒါပေမဲ့ သူတို့ အသက်ရှင်လျက်ပြန်လွတ်လာမယ်လို့ မြင်ပါတယ်။စစ်ဆေးရုံလောက်ပဲလို့ သတင်းစကားတွေအရသိရတယ် ။ ဒီလိုပုံစံတော့ မဖြစ်စေချင်ဘူး။ဘယ်ပါတီမဆို လူထုအားပေးမှုနဲ့ပဲ အနိုင်ရလာမှာလို့ မြင်တယ်။ကျွန်တော်တို့က ပြိုင်ဘက်ဆိုပေမယ့် တနည်းပြောရရင် ပါတီချင်းမတူတဲ့ ဆွေမျိုးတွေလည်း ပါကြတယ်လေ။အမျိုးမကင်းလောက်ဘူး ။ ကိုယ့်တပည့်လိုပုံစံလည်းပါတယ် ၊ ကိုယ့်မြေးလိုပုံစံလည်းပါတယ် ။ဒီလိုပုံစံမဖြစ်စေချင်ဘူး။ပြိုင်ဘက်လျော့သွားတယ်လည်း မမြင်ဘူး။ကျန်းကျန်းမာမာနဲ့ ပြန်လာစေချင်ပါတယ်။ကျွန်တော်ကတော့ ရခိုင်ပါတီဖြစ်တော့ နေရာတိုင်းတော့သွားတယ် ။ စိုးရိမ်မှုတော့ မဖြစ်ပါဘူ။ ဒီလိုဖြစ်မယ်လည်း မထင်ခဲ့ဘူး " လို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ၊ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးမြင့်မောင်က Duwun ကို ပြောပါတယ်။


ဒီလို ဖြစ်စဉ်နဲ့ပတ်သက်ပြီး လက်နက်ကိုင်ခေါ်ဆောင်သွားတဲ့ အဖွဲ့ရဲ့ လုပ်ရပ်ကို ရှုံ့ချသလို လာမယ့်ရွေးကောက်ပွဲမှာ အဆိုပါဒေသရဲ့ ပြည်သူတွေမဲပေးနိုင်ရေးနဲ့ ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဒေသလုံခြုံရေးကို အစိုးရအနေနဲ့ တာဝန်ယူဆောင်ရွက်စေချင်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က Duwun ကို ပြောပါတယ်။

"ဒီလုပ်ရပ်ကို ရှုံ့ချတယ် ။ အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ကိုလည်း ကျွန်တော်တို့အနေနဲ့ ပြောချင်တယ်။ NLD ကိုယ်စားလှယ်မှ မဟုတ်ဘူး အဲဒီဒေသမှာ ဒီလိုဖြစ်စဉ်ကြောင့် တရားဥပဒေစိုးမိုးမှု စိန်ခေါ်ခံနေရတယ်။လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒ အားလုံးလည်း ၊ ပြည်သူ့ဆန္ဒနဲ့အညီ အစိုးရတစ်ရပ်ပေါ်ထွန်းလာဖို့အတွက်ကို မှန်မှန်ကန်ကန်မဲပေးနိုင်ဖို့နဲ့ ကိုယ်စားလှယ်တွေလည်း အရွေးချယ်ခံနိုင်ဖို့အတွက် ဒီဒေသလုံခြုံရေးအတွက်ကို အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးစေချင်တယ် " လို့ ဒေါက်တာနန္ဒာလှမြင့်က Duwun ကို ပြောပါတယ်။


ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ် ၊ ဖောင်းခါးကျေးရွာကနေ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကတော့ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ်ကနေ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ရခိုင်အမျိုးသားပါတီ ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများနဲ့ တစ်ဦးပုဂ္ဂလ ကိုယ်စားလှယ်လောင်းနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က