လုပ်ငန်းဆောင်ရွက်ရင်း A အဆင့်ရရှိဖို့ ကျန်းမာရေး စည်းကမ်းချက်တွေကို ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းထဲက B အဆင့်ရှိတဲ့ စက်ရုံ ၄၀၀၀ ကျော်ကိုထပ်မံ ဖွင့်လှစ်ခွင့်ပြုလိုက်ပြီး၊ စက်ရုံလည်ပတ်ခွင့်ပြုနေချိန်မှာ စစ်ဆေးမှုကို လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။



 ဒါကြောင့် ပြန်လည်ဖွင့်လှစ်မယ့် B အဆင့်ရ စက်ရုံစာရင်းတွေ တောင်းခံထားကြောင်းနဲ့ ဖွင့်လှစ်မယ့် စက်ရုံတွေဟာ လုပ်ငန်းဆောင်ရွက်ရင်း  A အဆင့်ရရှိဖို့ ကျန်းမာရေး စည်းကမ်းချက်တွေကို  ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

တကယ်လို့ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးချိန် စက်ရုံဟာ B အဆင့်သာရှိနေကြောင်းကို စစ်ဆေးတွေ့ရှိပါက စက်ရုံကို ယာယီပိတ်ထားမှာဖြစ်ပြီး၊ A အဆင့်ရရှိမှသာ စက်ရုံကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အောက်တိုဘာလ ၁၄ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ 

"Aရော B ရော ဖွင့်လို့ရတယ်။ ဘယ်လိုတွေဖွင့်မယ် ပိတ်မယ်ဆိုတဲ့ စာရင်းအတိကျတော့ မသိရသေးဘူး။ဒီနေ့မှ ဖွင့်မယ့် စက်ရုံတွေ စာရင်းတောင်းတုန်းပဲ။ စာရင်းပေါင်းပြီးမှ ဘာလုပ်ရမယ်ဆိုတာသိရမယ်။ အစိုးရကဘာတွေညွှန်ကြားမလဲဆိုတာရှိသေးတယ်။ ညွှန်ကြားတဲ့အတိုင်းပဲ ဆက်လုပ်ရမှာဖြစ်တယ်။ အကြမ်းဖျင်းကတော့ စက်မှုကြီးကြပ်နဲ့ဇုန်ကော်မတီတွေကနေ စစ်ဆေးတဲ့သဘော လုပ်ခိုင်းဖို့ပြောတယ်၊ လက်ရှိက ဇုန်ထဲမှာ ဖွင့်ချင်တဲ့စက်ရုံတွေကို စာတင်ခိုင်းထားတယ်။ "လို့ လှိုင်သာယာစက်မှူဇုန် ၁၊ ၂ ၊ ၃၊ ၄၊ ၆၊ ၇ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးအုန်းဆိုင်က ပြောပါတယ် ။

အောက်တိုဘာ (၁၂) ရက်နေ့က ပြန်လည်လုပ်ကိုင်ခွင့်ပြုလိုက်တဲ့ A အဆင့်ရှိ စက်ရုံတစ်ရုံ အဝင်ဝတွင် ကျန်းမာရေးစစ်ဆေးမှု လုပ်နေစဥ်။

ပြန်န်လည်ဖွင့်လှစ်ခွင့်ရနေတဲ့ CMP စက်ရုံတွေအနေနဲ့ ကျန်းမာရေးစည်းကမ်းချက်တွေကို လိုက်နာမှုရှိမရှိ စစ်ဆေးမှုကိုတော့ ယခု တစ်ပတ်အတွင်း စတင်လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ စက်ရုံတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ ကိုဗစ်ရောဂါကူးစက်ခံရမှာကို စိုးရိမ်မှု ရှိနေတယ်လို့ ရွှေပြည်သာမြို့နယ် စက်ရုံအလုပ်သမားတစ်ဦးဖြစ်သူ ကိုဇော်မင်းသူက ပြောပါတယ် ။

 လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံ ၊ အလုပ်ရုံတွေအနေနဲ့  အလုပ်ဌာနအတွင်း ပိုးသတ်ဆေးဖျန်းတဲ့ကိစ္စတွေကို ကျန်းမာရေးညွှန်ကြားချက်နှင့်အညီလုပ်ဆောင်ရမှာဖြစ်ပြီး၊ နေ့စဉ်ဖျန်းမယ်ဆိုရင်လည််း လုပ်ငန်းပြီးဆုံးချိန် မှာသာဆောင်ရွက်မှာ ဖြစ်ပါတယ်။

 ဒါ့အပြင် စက်မှုဇုန်အတွင်းနဲ့ ပြင်ပရှိ စက်ရုံ ၊ အလုပ်ရုံ ၊ အလုပ်ဌာနတွေအနေနဲ့  ကျန်းမာရေးလမ်းညွှန် ချက်များနှင့်အညီ စည်းကမ်းလိုက်နာရမှာဖြစ်ပြီး အကယ်၍လိုက်နာခြင်းမရှိခဲ့ပါက သက်ဆိုင်ရာအလုပ်ရှင်၊ အလုပ်သမား စက်မှုဇုန်အဆင့်မြှင့်တင်ရေးကြီးကြပ်မှုကော်မတီတွေကနေ ကျန်းမာရေးကာလအတွင်း ပြဌာန်းထားတဲ့ ကူးစက်ရောဂါကကွယ် နှိမ်နင်းရေးဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်ရမယ်လို့ တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ တိုင်းထဲက A အဆင့်ရတဲ့ CMP စက်ရုံ ၂၀၀၀ ကျော်ဟာ  လုပ်ငန်းပြန်လည် ဖွင့်လှစ်နေပြီလို့ တိုင်းအစိုးရအဖွဲ့ထုတ်ပြန်မှုအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က