ကာဂျစ်စတန်နိုင်ငံမှာ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုနဲ့အတူ ဆန္ဒပြမှုတွေ အပြင်းအထန် ပေါ်ပေါက်လာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ သမ္မတ Sooronbay Jeenbekov ရာထူးမှ နုတ်ထွက်သွားကြောင်း သိရပါတယ်။
(Photo: Reuters)
ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုတွေဟာ ကာဂျစ်စတန်မှာ ကသောင်းကနင်း အခြေအနေ ဖြစ်ပေါ်စေခဲ့ပါတယ်။ "ကာဂျစ်စတန်သမိုင်းမှာ သွေးထွက်သံယိုဖြစ်စေပြီး သူ့ရဲ့နိုင်ငံသားတွေကို သေနတ်နဲ့ပစ်တဲ့ သမ္မတတစ်ယောက်အဖြစ် ကျွန်တော် မပါချင်ပါဘူး" လို့ Sooronbay Jeenbekov က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကာဂျစ်စတန်သမိုင်းမှာ သွေးထွက်သံယိုဖြစ်စေပြီး သူ့ရဲ့နိုင်ငံသားတွေကို သေနတ်နဲ့ပစ်တဲ့ သမ္မတတစ်ယောက်အဖြစ် ကျွန်တော် မပါချင်ပါဘူး
ကာဂျစ်စတန်မှာ အောက်တိုဘာ ၄ ရက်နေ့က လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်နေခဲ့ပါတယ်။ ဆန္ဒပြမှုတွေ ပြင်းထန်လာခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ပြီး အစိုးရလည်း ပြိုလဲခဲ့ပါတယ်။
(Sadyr Japarov နဲ့ သမ္မတ Jeenbekov တို့ တွေ့ဆုံစဥ်) (Photo: Kyrgyzstan Presidency Press Office)
ဆန္ဒပြမှုတွေပေါ်ပေါက်လာပြီးနောက် အစောပိုင်းမှာ ကာဂျစ်စတန်ဝန်ကြီးချုပ် Kubatbek Boronov က ရာထူးမှနုတ်ထွက်သွားခဲ့ပါတယ်။ ဆန္ဒပြသူတွေက အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အတိုက်အခံအုပ်စုမှ Sadyr Japarov လွှတ်ပေးခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ၎င်းကို ခေတ္တဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ရာထူးမှ ယနေ့ (အောက်တိုဘာ ၁၅ ရက်) နုတ်ထွက်သွားတဲ့ သမ္မတ Sooronbay Jeenbekov ဟာ အာရှအလယ်ပိုင်းရှိ ကာဂျစ်စတန်နိုင်ငံရဲ့ တတိယမြောက်သမ္မတ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီးနောက် လွတ်လပ်တဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ Sooronbay Jeenbekov မတိုင်မီ သမ္မတနှစ်ဦးကိုလည်း လူထုအုံကြွမှုများဖြင့် ဖြုတ်ချခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
သမ္မတ Sooronbay Jeenbekov က ရာထူးမှ နုတ်ထွက်လိုက်ပြီး တည်ငြိမ်အေးချမ်းမှုရှိရန် တောင်းဆိုခဲ့ကာ ကာဂျစ်စတန်ဟာ ပဋိပက္ခနဲ့ နီးကပ်နေခဲ့ကြောင်း သတိပေးခဲ့ပါတယ်။ "စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံမှာနေထိုင်ကြသူတွေကို ကာကွယ်ရေး သူတို့ရဲ့ လက်နက်တွေ အသုံးပြုကြဖို့ တောင်းဆိုပါတယ်၊ သွေးထွက်သံယိုတွေ မလွဲဧကန် ဖြစ်လိမ့်မယ်၊ ရန်စပေးမှုတွေအတိုင်း မဖြစ်ကြဖို့ နှစ်ဘက်လုံးကို ကျွန်တော် တိုက်တွန်းပါတယ်" လို့ Sooronbay Jeenbekov က ပြောခဲ့ပါတယ်။
ကာဂျစ်စတန်နိုင်ငံနဲ့ အချက်အလက်အချို့
- အာရှအလယ်ပိုင်းရှိ နိုင်ငံငါးခုအနက် အသေးဆုံးဆုံး နိုင်ငံဖြစ်ပြီး ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ တရုတ် နိုင်ငံတွေနဲ့ နယ်နမိတ်ထိစပ်တည်ရှိပါတယ်
- ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်အချိန်က Kara-Kirgiz ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအဖြစ် အသိအမှတ်ပြုထားခဲ့ကြတာ ဖြစ်ပါတယ်
- ၁၉၉၁ ခုနှစ်မှာ လွတ်လပ်ရေးကြေညာပြီးနောက် ယခုလက်ရှိ နိုင်ငံအမည် ကာဂျစ်စတန် (Kyrgyzstan) အဖြစ် သတ်မှတ်ခဲ့ပါတယ်
- ယခင်က လူထုအုံကြွမှုများဖြင့် ၂၀၀၅ ခုနှစ်မှာ သမ္မတ Askar Akayev နဲ့ ၂၀၁၀ ခုနှစ်မှာ သမ္မတ Kurmanbek Bakiyev တို့ကို ရာထူးမှ ဖြုတ်ချခဲ့ပါတယ်
- အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဥ်ပါက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့မှုအတွက် နာမည်ဂုဏ်သတင်းကောင်းရှိထားပါတယ်