အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားက ကိုဗစ်ကြောင့် သေဆုံးသူအများဆုံးလည်း ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားနိုင်ငံက ဖိလစ်ပိုင်ကိုကျော်လွန်ပြီး COVID-19 ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်) စာရင်းတွေအရ အင်ဒိုနီးရှားမှာ ကူးစက်ခံရသူ နောက်ထပ် ၄,၄၁၁ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၃၄၉,၁၆၀ ရှိလာခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ COVID-19 ကြောင့် သေဆုံးသူ ၁၁၂ ဦး တိုးလာခဲ့ပြီး သေဆုံးသူအရေအတွက် ၁၂,၂၆၈ ဦးရှိလာခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ ယခင်ကတည်းက အရှေ့တောင်အာရှမှာ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။



ယမန်နေ့အထိ စာရင်းတွေအရ ဖိလစ်ပိုင်မှာ ကူးစက်ခံရသူ ၃၄၈,၆၉၈ ဦးနဲ့ သေဆုံးသူ ၆,၄၉၇ ဦးရှိခဲ့ပြီး အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။ ဂျကာတာမြို့တော်ဝန် Anies Baswedan က ဂျကာတာမြို့မှာ COVID-19 ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးရန် သီတင်းနှစ်ပတ်ကြာ အကူးအပြောင်းကာလအဖြစ် တနင်္လာနေ့ (အောက်တိုဘာ ၁၂ ရက်) မှစပြီး သတ်မှတ်ဆောင်ရွက်သွားမယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့မှာ ကြေညာထားခဲ့ပါတယ်။

(Photo: Reuters)

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ကူးစက်မှုနှုန်း နှေးကွေးသွားခဲ့တာကြောင့် ထိုသို့ စီစဥ်ခြင်းဖြစ်ကြောင်း မြို့တော်ဝန် Anies Baswedan က ပြောပါတယ်။ ဂျကာတာမှာ ကူးစက်မှုတွေ မြင့်တက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရုန်းကန်ခဲ့ရတာကြောင့် စက်တင်ဘာလလယ်မှစပြီး ပိုမိုတင်းကျပ်တဲ့ ကန့်သတ်ချက်များ သတ်မှတ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ အကူးအပြောင်းကာလ စည်းမျဥ်းအသစ်တွေအရ မရှိမဖြစ် မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဝန်ထမ်းအင်အားတစ်ဝက်ဖြင့် ရုံးပြန်ဖွင့်ပြီး အလုပ်လုပ်နိုင်မယ်လို့ သိရပါတယ်။ ထို့အတူ ဂျကာတာမြို့ရှိ စားသောက်ဆိုင်တွေကိုလည်း ဆိုင်ရဲ့လက်ခံနိုင်တဲ့ စားသုံးသူဦးရေ ထက်ဝက်ကို ဆိုင်ထိုင်စားစနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ပြုခဲ့ပါတယ်။ ပန်းခြံနဲ့ ပြတိုက်တွေကို ကူးစက်မှုထိန်းချုပ်ရေး စည်းမျဥ်းများဖြင့် ပြန်ဖွင့်ပြုခဲ့ပါတယ်။

(Photo: Xinhua)

စည်းမျဥ်းအသစ်တွေအရ စီးပွားရေးလုပ်ငန်းအားလုံးဟာ တင်းကျပ်တဲ့ သန့်ရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမှာဖြစ်ပြီး ၎င်းတို့ထံ လာရောက်သူတွေရဲ့ အချက်အလက်တွေကို လိုအပ်လာပါက ထိတွေ့မှုခြေရာခံနိုင်ရန် ရယူထိန်းသိမ်ထားရမယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးလျှင် စင်ကာပူက COVID-19 ကူးစက်မှု တတိယအများဆုံး နိုင်ငံဖြစ်ပြီး သေဆုံးမှုမှာတော့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးလျှင် မြန်မာနိုင်ငံက တတိယအများဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

ရှေ့တောင်အာရှနဲ့ အာဆီယံဒေသတွင်း COVID-19 အခြေအနေ

• အင်ဒိုနီးရှား - (ကူးစက် - ၃၄၉,၁၆၀၊ သေဆုံး - ၁၂,၂၆၈၊ ပြန်လည်သက်သာ - ၂၇၆,၈၅၁)

• ဖိလစ်ပိုင် - (ကူးစက် - ၃၄၈,၆၉၈၊ သေဆုံး - ၆,၄၉၇၊ ပြန်လည်သက်သာ - ၂၉၃,၈၆၀)

• စင်ကာပူ - (ကူးစက် - ၅၇,၈၉၂၊ သေဆုံး - ၂၈၊ ပြန်လည်သက်သာ - ၅၇,၇၆၄)

• မြန်မာ - ကူးစက် - ၃၂,၃၅၁၊ သေဆုံး - ၇၆၅၊ ပြန်လည်သက်သာ - ၁၄,၇၀၆)

• မလေးရှား - (ကူးစက် - ၁၈,၁၂၉၊ သေဆုံး - ၁၇၀၊ ပြန်လည်သက်သာ - ၁၂,၀၁၄)

• ထိုင်း - (ကူးစက် - ၃,၆၆၅၊ သေဆုံး - ၅၉၊ ပြန်လည်သက်သာ - ၃,၄၆၃)

• ဗီယက်နမ် - (ကူးစက် - ၁,၁၂၄၊ သေဆုံး - ၃၅၊ ပြန်လည်သက်သာ - ၁,၀၃၀)

• ကမ္ဘောဒီးယား - (ကူးစက် - ၂၈၃၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၂၇၄)

• ဘရူနိုင်း - (ကူးစက် - ၁၄၇၊ သေဆုံး - ၃၊ ပြန်လည်သက်သာ - ၁၄၃)

• အရှေ့တီမော - (ကူးစက် - ၂၉၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၂၈)

• လာအို - (ကူးစက် - ၂၃၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၂၂)

စုစုပေါင်း အရေအတွက် - (ကူးစက် - ၈၁၁,၅၀၁၊ သေဆုံး - ၁၉,၈၂၅၊ ပြန်လည်သက်သာ - ၆၆၀,၁၆၆)

(အောက်တိုဘာ ၁၅ မြန်မာစံတော်ချိန် ညပိုင်းအထိ သိရှိရတဲ့ သတင်းအချက်အလက်များအရ ဖြစ်ပါတယ်)

Share

Loading Next Article...
က္က