ပြည်ခိုင်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေကိုပြောကြားစဉ်ထည့်သွင်းပြောဆိုခဲ့တာပါ။

လိပ်ခဲတည်းလည်းနဲ့ အငြင်းပွားနေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ဦးစားပေးဆောင်ရွက်သွားဖို့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရဲ့လုပ်ငန်းစဉ်တွေထဲကတစ်ခုဖြစ်တယ်လို့ ဥက္ကဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ (၁၅) ရက်ညပိုင်းက နိုင်ငံပိုင်မီဒီယာကတဆင့် ထုတ်လွှင့်တဲ့ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောမှုအစီအစဉ်အတွင်း ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒ၊သဘောထားတွေကို ထည့်သွင်းပြောကြားရာမှာ ပါတီဥက္ကဌက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။



ပါတီအနေနဲ့ တိုင်းပြည်အတွက် လုပ်ဆောင်သင့်တဲ့ လုပ်ငန်းတွေကို ချမှတ်လိုက်ရာမှာ နိုင်ငံသားတွေအပေါ် ကျရောက်နေတဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးကို တစ်နှစ်အတွင်းလျှော့ချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးဘက်စုံဖွံ့ဖြိုးတိုးတက်အောင်၊ အခြေခံဥပေဒပြင်ဆင်ရေး၊ ဒီမိုကရေစီအနှစ်သာရတွေကို ပြနိုင်တဲ့လက်တွေ့ကျတဲ့ပြင်ဆင်မှုတွေ ကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဥက္ကဌ ဦးသန်းဌေးက ပြောကြားခဲ့တာပါ။

ဒီမိုကရေစီဖော်ဆောင်ရေးအနှစ်သာရကို ပြသနိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ တရားဥပဒေစိုးမိုးရေး၊ ဒေသအလိုက် တည်ငြိမ်အေးချမ်းနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေကိုလည်း ထိထိရောက်ရောက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်ခြင်းပုဒ်မများ၊ တန်းတူညီမျှမှုတွေကိုလက်တွေ့ပုံဖော်နိုင်တဲ့ ဥပဒေပုဒ်မများ၊ ပြည်ထောင်စုနဲ့ တိုင်းနဲ့ပြည်နယ်အကြား လုပ်ပိုင်ခွင့်ခွဲဝေပြုနိုင်တဲ့ ဥပဒေပြုဇယားများ၊ မဏ္ဍိုင်သုံးရပ် အပြန်အလှန်ထိန်းကျောင်းခြင်းကို အခြေခံဥပဒေခုံရုံးနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့နဲ့ ပတ်သက်တဲ့ဥပဒေများ၊ ရွေးကောက်တင်မြှောက်တဲ့စနစ်ဥပဒေတွေကို ပြင်ဆင်သွားမယ်လို့ သိရပါတယ်။

ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းတွေကို (၂၀၂၁) ခုနှစ်ကစပြီး လစာနဲ့ ထောက်ပံ့မှုတွေကို တိုးမြှင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အခွန်ထမ်းပြည်သူတွေအားလုံးအတွက် သင့်တင့်တဲ့နှုန်းထားနဲ့ အခွန်ထမ်းဆောင်နိုင်တဲ့စနစ်ကို သုံးသပ်ပြင်ဆင်ပေးမှာဖြစ်တဲ့အပြင် ပညာရေးစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကိုလည်း ပြုပြင်ပြောင်းလဲသွားမှာဖြစ်တယ်လို့လည်း ပါတီရဲ့ ကတိကဝတ်တွေကို ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကတိကဝတ်တွေနဲ့ပတ်သက်ပြီး မိမိတို့ပါတီအနေနဲ့ တစ်ခုတည်းနဲ့ ဆောင်ရွက်တာမဟုတ်ဘဲ ပါဝင်သင့်ပါဝင်ထိုက်တဲ့ ပါတီအဖွဲ့အစည်း၊ လူမျိုးစုတွေ၊ တစ်ဦးချင်းထက်မြက်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပါတီဥက္ကဌက ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကိုယ်စားလှယ်လောင်း ၁,၁၂၉ ဦးဝင်ရောက်ယှဉ်ပြိုင်မယ်လို့လည်း ကြေညာထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က