ဖမ်းဆီးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဘက်ကလည်း ဆက်သွယ်လာခြင်းမရှိဘူးလို့သိရပါတယ်။

တောင်ကုတ်မြို့နယ်က ဖမ်းဆီးခံထားရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို ပြန်လွှတ်ပေးဖို့ NLDပါတီနဲ့အတူ အခြားနိုင်ငံရေးပါတီများကပါ တောင်းဆိုမှုတွေပြုလုပ်ထားပေမယ့် ယနေ့ထိ ကိုယ်စားလှယ်တွေကို ပြန်လည်မလွှတ်ပေးသေးသလို အဆက်အသွယ်လည်းမရရှိသေးဘူးလို့ သိရပါတယ်။

ကိုယ်စားလှယ်တွေကို ဖမ်းဆီးသွားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့လည်း အဆက်အသွယ်မရရှိသေးဘဲ ကိုယ်စားလှယ်တွေကိုတော့ ကျန်းကျန်းမာမာနဲ့ ပြန်လွှတ်ပေးဖို့အတွက် NLD ပါတီနဲ့အတူ အခြားပြိုင်ဘက်ပါတီတွေကလည်း တောင်းဆိုမှုတွေပြုလုပ်ထားကြပါတယ်။ 



“ ပါတီအနေနဲ့ကလည်း ကိုယ်စားလှယ်တွေလွတ်မြောက်လာစေဖို့ ဆောင်ရွက်နိုင်တာမရှိပါဘူး။ အစကတည်းက ကိုယ်စားလှယ်တွေကို မိမိတို့လုံခြုံရေးအတွက် ဂရုစိုက်ကြဖို့မှာထားပြီးသားပါ။ အခုလို လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးသွားတဲ့အပေါ်မှာတော့ ပါတီအနေနဲ့က ဒု-ဥက္ကဌ (၂)ကနေ အကြမ်းဖက်လက်နက်ကိုင်ဖမ်းဆီးခေါ်ဆောင်တာကို အင်မတန်ရှုံ့ချတယ်၊ဒါကဥပဒေဘက်ကချိုးဖောက်ရာရောက်တယ်၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့ သဘောထားထုတ်ပြန်ထားပါတယ်။ ပါတီအနေနဲ့ကတော့ ဒီလောက်ပဲလုပ်နိုင်တယ်။ ခုထိလည်း ဘာအဆက်အသွယ်မှ မရသေးဘူး”လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က Duwun ကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးက ဖောင်းခါးကျေးရွာမှာ မဲဆွယ်စည်းရုံးရေးဟောပြောမှုလုပ်ဆောင်ဖို့အတွက် ရောက်ရှိနေတာဖြစ်ပြီး ဟောပြောပွဲမတိုင်ခင် ဖမ်းဆီးခေါ်ဆောင် သွားတာဖြစ်တယ်လို့ သိရပါတယ်။အောက်တိုဘာလ (၁၄)ရက်နေ့က ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းက အရပ်ဝတ်ဝတ်ဆင်ထားကာ အချင်းချင်း မြောက်ပိုင်းရခိုင်လေသံနဲ့စကား ပြောဆိုကြတဲ့ ရခိုင်လူမျိုးတွေဖြစ်တယ်လို့ ကိုယ်စားလှယ်လောင်းသုံးဦးနဲ့အတူ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ စည်းရုံးရေးအဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုယ်စားလှယ် သုံးဦးမှာ အမျိုးသမီးနှစ်ဦးပါဝင်ကာ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က