သူတို့အဖွဲ့အနေနဲ့ စေတီပုံရိပ်ကိုနင်းလိုတဲ့ စေတနာဆိုးမရှိတာထင်ရှားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Project-K အဖွဲ့ အနေနဲ့ စေတီတော်ပုံရိပ်ကိုမသိလို့ ဆက်လက် ကပြဖျော်ဖြေတာဖြစ်ပြီး အကုသိုလ်စေတနာမဖြစ်သဖြင့် သည်းခံခွင့်လွှတ်ဖို့လုံလောက်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မနေ့ အောက်တိုဘာ (၁၅) ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီကိစ္စကိုအကြောင်းပြုပြီးတော့ ဗုဒ္ဓဘာသာဝင်အားလုံး အကုသိုလ်မပွားဖို့ ကိုလည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သတိပေးတိုက်တွန်းလိုက်ပါတယ်။


ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာရှသီချင်းများဖျော်ဖြေရေးပွဲတော် မှာ Project K အဖွဲ့က ရွှေတိဂုံစေတီတော်ပုံရိပ်ကို အသုံးပြု ဖျော်ဖြေခဲ့တယ်ဆိုပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ အဖွဲ့က ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပြီးနောက် အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံက စေတီတော်အချို့မှာ ညနေပိုင်းအချိန် အနောက်အရပ်မှ နေရောင်ထိုးတာကြောင့် အရှေ့အရပ်မှာဖြစ်ပေါ်နေတဲ့ စေတီပုံရိပ်ကို ဘုရားဖူးပြည်သူတွေ နင်းလျှောက်ကြရတာတွေကလည်း အကုသိုလ်စိတ်မဖြစ်ကြဘဲ ပူဇော်ရှိခိုးကြတာ ဖြစ်တယ်လို့လည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဓာတ်ပုံ- ASF (ကိုရီးယားနိုင်ငံမှာ ဖျော်ဖြေခဲ့သည့်ပုံရိပ်)

" ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ သဘောထားအတိုင်းပါပဲ။ ဒါကလည်း အချင်းချင်း ငြိမ်းအေးစေလိုတဲ့ စိတ်နဲ့ပါပဲ" သာသနာ‌ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကလည်း မှတ်ချက်ပြု ပြောဆိုပါတယ်။

Project K အဖွဲ့ဝင်တွေကလည်း Rehearsal ပြုလုပ်ရာမှာ အဆိုပါ စေတီတော် ပုံရိပ်မပါဝင်ကြောင်း၊ ဖျော်ဖြေပြီးမှသိရှိရကြောင်း၊ သိရှိရတဲ့အချိန်မှာ လွန်စွာ စိတ်မကောင်းဖြစ်ရတာကြောင့် တောင်းပန်ကြောင်း ဖော်ပြထားတာကြောင့် စေတီပုံရိပ်ကို နင်းခြေလိုတဲ့ အကုသိုလ်စေတနာမရှိကြောင်း ထင်ရှားတယ်လို့လည်းဆိုပါတယ်။

ကိုရီးယားကစီစဉ်သူတွေအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ပုံရိပ်ဖြစ်အောင်၊ ဖျော်ဖြေတင်ဆက်သူတွေကိုလည်း မြန်မာနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာကို သိစေလိုတာကြောင့် ၊ ရွှေတိဂုံစေတီတော်ကို LED Display Board နဲ့ ဖော်ပြဖန်တီးခြင်းဖြစ်တာကို ယူဆရကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နှစ်ကာလကြာရှည် ချစ်ခင်ခိုင်မြဲစွာ ဆက်ဆံခဲ့တဲ့ မိတ်ဆွေကောင်းပီသတဲ့ နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးကိုသာ အဓိကထားကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်မယ်လို့လည်း တိုက်တွန်းချက် ထုတ်ပြန်ထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က