ဂျပန်နိုင်ငံက ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ်ခံခဲ့ရတဲ့ ဖူကူရှီမား နျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေ တန်ချိန်တစ်သန်းကျော်ကို ပင်လယ်အတွင်းသို့ စွန့်ပစ်သွားမယ်လို့ ဒေသခံသတင်းတွေက ယနေ့ (အောက်တိုဘာ၁၆ ရက်) ပြောပါတယ်။
(ဆူနာမီကြောင့် ဖူကူရှီးမားစက်ရုံ ပျက်စီးခဲ့မှု) (Photo: Kyodo/AP)
ရေဒီယိုသတ္တိကြမှုလျှော့ချရန် စစ်ထုတ်ထားတဲ့ ရေတွေစွန့်ပစ်ခြင်းကို ၂၀၂၂ ခုနှစ်မှာ စတင်သွားဖွယ်ရှိကြောင်း ဂျပန်နေ့စဥ်ထုတ် သတင်းစာတွေဖြစ်ကြတဲ့ Nikkei ၊ Yomiuri နဲ့ အခြား ဒေသခံမီဒီယာက ဖော်ပြပါတယ်။ ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေတွေ စွန့်ပစ်ရန်ဆုံးဖြတ်ချက်ကို ယခုလအတွင်း ချမှတ်နိုင်ကြောင်း သတင်းတွေက ဆိုပါတယ်။
၂၀၁၁ ခုနှစ် မတ် ၁၁ ရက်နေ့က အင်အားအလွန်ပြင်းထန်တဲ့ ငလျင်နဲ့ ကြီးမားတဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် အပျက်အစီးဖြစ်ပေါ်ခဲ့တဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့ ဓာတ်ပေါင်းဖိုတွေကို အအေးခံရန် အသုံးပြုခဲ့တဲ့ ရေတွေထဲမှာ ရေဒီယိုသတ္တိကြွအရည်တွေ ပါဝင်နေမှုကို မည်သို့ ဖယ်ရှားရှင်းလင်းနိုင်မည့်အပေါ် နှစ်များကြာတဲ့အထိ အချေအတင် ဖြစ်နေခဲ့ပါတယ်။ ဂျပန်အစိုးရကတော့ ထိုရေတွေကို ပင်လယ်အတွင်းသို့ စွန့်ပစ်မှုနဲ့ အငွေ့ပျံစေမှုတို့ကို လက်တွေ့ကျတဲ့ နည်းလမ်းနှစ်ခုအဖြစ် ယခုနှစ်အစောပိုင်းမှာ ပြောခဲ့ပါတယ်။
(ဖူကူရှီးမားစက်ရုံမှ ရေသိုလှောင်ကန်များ) (Photo: Reuters)
ပြီးခဲ့တဲ့လအထိ ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံမှာ ရေဒီယိုသတ္တိကြွရေ တန်ချိန်ပေါင်း ၁.၂၃ သန်းရှိနေခဲ့ကြောင်း Nikkei သတင်းက ဖော်ပြထားပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေက အစိုးရရဲ့ အစီအစဥ်တွေကို အပြင်းအထန် ကန့်ကွက်ကြောင်း ပြောထားခဲ့ပြီး ငါးဖမ်းသမားတွေနဲ့ လယ်သမားတွေကလည်း ထိုစက်ရုံတည်ရှိရာ နယ်မြေမှ ပင်လယ်စာနဲ့ ထုတ်ကုန်တွေကို စားသုံးသူတွေက ဝယ်ယူကြမှာမဟုတ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
ဂျပန်ငါးဖမ်းလုပ်ငန်းအဖွဲ့အစည်း JF Zengyoren ကလည်း ဖူကူရှီးမားမှရေတွေ ပင်လယ်အတွင်းသို့ စွန့်မပစ်ရန် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အစိုးရကို တိုက်တွန်းခဲ့ပြီး ထိုလုပ်ရပ်က ၎င်းတို့ရဲ့ နာမည်ဂုဏ်သတင်းကောင်း ပြန်လည်ရရှိရန် နှစ်နဲ့ချီကြာ လုပ်ဆောင်ထားမှုအား ပျက်စီးစေမယ်လို့ ဆိုပါတယ်။ ပင်လယ်အတွင်းသို့ နျူကလီးယားသတ္တိကြွရေတွေ စွန့်ပစ်ခြင်းကြောင့် အခြားနိုင်ငံတွေက ဂျပန်ငါးလုပ်ငန်းထုတ်ကုန်တွေ တင်သွင်းမှုအပေါ် ကန့်သတ်လာနိုင်ကြောင်း JF Zengyoren ရဲ့ ဥက္ကဌ Hiroshi Kishi က အစိုးရတာဝန်ရှိသူတွေနဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
(ရေသိုလှောင်ကန်များအနီး ရေဒီယိုသတ္တိကြွမှု တိုင်းတာစဥ်) (Photo: AFP)
ဖူကူရှီးမာစီရင်စုရှိ ငါးဒိုင်တွေနဲ့ ငါးထုတ်ကုန်လုပ်ငန်းတွေကလည်း ရေဒီယိုသတ္တိကြွရေတွေ စွန့်ပစ်မယ့်အစီအစဥ်ကို အပြင်းအထန် ကန့်ကွက်ကြကြောင်း JF Zengyoren ဥက္ကဌက ဆိုပါတယ်။ ဖူကူရှီးမားဒေသမှ ပင်လယ်စာများ တင်သွင်းမှုကို တားမြစ်ပိတ်ပင်ထားတဲ့ တောင်ကိုရီးယားနိုင်ငံကလည်း ပင်လယ်အတွင်းသို့ ရေဒီယိုသတ္တိကြွရေတွေ စွန့်ပစ်မှုဟာ သဘာဝပတ်ဝန်းကျင်ကို သက်ရောက်မှုအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောခဲ့ပါတယ်။
ဂျပန်အစိုးရက ဖူကူရှီးမားမှရေတွေကိစ္စကို ဖြေရှင်းရန် ဆောင်ရွက်နေခဲ့တာ သုံးနှစ်ကျော်ကြာပြီဖြစ်ပါတယ်။ သို့သော် ယခုအခါ မြေအောက်ရေနဲ့ မိုးရွာသွန်းမှုမှ ရေတွေက ဖူကူရှီးမားစက်ရုံအတွင်း နေ့စဥ်ဝင်ရောက်နေခဲ့ရာ စက်ရုံအတွင်း ရေတွေသိုလှောင်ထားနိုင်ရန် နေရာမဆန့်တော့မယ့် အခြေအနေကြုံနေရပြီးနောက် ဆုံးဖြတ်ချက်ကို အစောတလျင် ချမှတ်ရမယ့်အရေး ဖြစ်လာပါတယ်။
(ရေသိုလှောင်ကန်များ) (Photo: AFP)
ဖူကူးရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံကို ပိုင်ဆိုင်တဲ့ TEPCO ကုမ္ပဏီက ရေတွေသိုလှောင်ထားရှိရန် နောက်ထပ် သိုလှောင်ကန်တွေ တည်ဆောက်နေပေမဲ့ အဆိုပါ သိုလှောင်ကန်အားလုံးဟာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာ ရေပြည့်သွားမယ်လို့ ဆိုပါတယ်။ ဖူကူရှီးမားစက်ရုံမှာရှိနေတဲ့ ရေတွေထဲမှာ ရေဒီယိုသတ္တိကြွပစ္စည်းတွေ (radioactive isotopes) ကို စစ်ထုတ်ဖယ်ရှားခဲ့ပေမဲ့ tritium ခေါ် radioactive isotope တစ်မျိုးကိုတော့ လက်ရှိ နည်းပညာနဲ့ ဖယ်ရှားပစ်နိုင်ခြင်း မရှိဘူးလို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။