လက်ရှိအချိန်ထိ CNLD ပါတီအနေနဲ့ မဟာမိတ်ဖွဲ့စည်းထားတဲ့ ပါတီမရှိသေးဘူးလို့ တာဝန်ရှိသူက ပြောပါတယ်။

လာမယ့်၂၀၂၀ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတစ်ချို့ နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ချို့က မဲဆွယ်စည်းရုံးရာမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD)ရဲ့ နာမည်နဲ့ပုံရိပ်ကို အသုံးချမှုတွေရှိနေတယ်လို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာတော့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD) အနေနဲ့ ဘယ်ပါတီနဲ့မှ မိတ်ဖက်အဖြစ်ဖွဲ့စည်းထားခြင်းမရှိသလို ဒီလိုလိမ်လည်အသုံးချနေတဲ့ ကိုယ်စားလှယ်တွေနဲ့ မဲဆွယ်သူတွေကိုလည်း တိုက်ရိုက်သတိပေးပြောကြားထားတယ်လို့ ပါတီထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိတ်ထောင်းက Duwun ကို ပြောပါတယ်။



" ကျွန်တော်တို့ပါတီနာမည် နဲ့ ပုံရိပ်ကို အလွဲသုံးစားလိုက်တာရှိတယ် ။ ဒါက ကြံ့ခိုင်ရေးနဲ့ NLD ကလည်းပဲ ကျွန်တော်တို့ပါတီနဲ့ မဟာမိတ်သယောင်ယောင်၊ စွပ်စွဲလိုက်လုပ်နေတာ။ နယ်ကတစ်ချို့တွေကကြတော့လည်း ချင်းမျိုးနွယ်စုပါတီလေးတွေ ရှိတာကိုး။ ပါတီသေးတွေနဲ့ တစ်သီးပုဂ္ဂလတွေက ကျွန်တော်တို့က ချင်းပါတီပါ။ ကျွန်တော်တို့က CNLD နဲ့လက်တွဲမယ့် ပါတီပါ ဘာညာဆိုတဲ့ပုံစံမျိုးနဲ့ ပြောပြောနေတယ်။ ဒီချိန်မှာက ချင်းပြည်နယ် နဲ့ ကျွန်တော်တို့ဝင်ပြိုင်မဲ့နေရာတွေမှာ ကျွန်တော်တို့ပါတီကအသာစီးရနေတယ်လေ ။ လူငယ်ထုတွေက တောက်လျောက်အားပေးတော့ ပုံရိပ်တက်လာတဲ့ အချိန်မှာ တစ်ချို့က ဒီဟာကို တွယ်ပြီးတော့ လာမှီနေတယ် ။ တကယ်တော့ မဖြစ်သင့်ဘူး ။ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့လည်း မညီဘူး ။ ဒါတွေပဲ တောက်လျှောက်ရှင်းနေရတယ် ။ ကော်မရှင်ကိုတိုင်တာတော့မရှိဘူး ကာယကံရှင်တွေကိုပဲ တိုက်ရိုက်အကြောင်းကြားတာ ၊ ရှင်းတာ သတိပေးတာ လုပ်ပါတယ် ။ ဒီလိုမလုပ်ဖို့ပြောတယ် ။ ပြည်သူတွေကို ရှင်းပြတယ် ။ နားလည်လိမ့်မယ်လို့ ထင်ပါတယ် ။ လက်ရှိအထိတော့ မဟာမိတ်မရှိဘူး ၊ဒီအတွက်လည်း မဆုံးဖြတ်ရသေးဘူး " လို့ CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိတ်ထောင်းက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-CNLD (မင်းတပ်မြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲ)

ဒီလိုဖြစ်စဉ်တွေက ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD) မြေပြင်မဲဆွယ်စည်းရုံးရေးတွေ လုံးဝရပ်နားထားတဲ့ မင်းတပ်မြို့နယ်မှာလည်း ဖြစ်ပွားခဲ့ပြီး ဒါက ကိုဗစ်-၁၉ အခက်အခဲကြောင့် ဖြစ်ပေါ်ခဲ့ရတယ်လို့ CNLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးကပြောပါတယ်။

CNLD ပါတီရဲ့ မင်းတပ်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့စည်းရုံးရေးမှူးတွေက ကိုဗစ်ပေါ့စတစ်လူနာနဲ့ဆက်စပ်မှုရှိတဲ့အတွက် ကွာရန်တင်း(၁၈)ရက်နေထိုင်ခဲ့ရပြီး ဒီနေ့ အောက်တိုဘာလ ၁၆ရက်မှ နေအိမ်ကွာရန်တင်း ၇ရက်ပြည့်တာဖြစ်တယ်လို့ မင်းတပ်မြို့နယ် ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) ကိုယ်စားလှယ်လောင်း ဆလိုင်းမနားကီးက Duwun ကိုပြောပါတယ်။

" ကျွန်တော်တို့က ပြီးခဲ့တဲ့လ ၂၀ရက်ကတည်းက မဲဆွယ်စည်းရုံးရေး လုံးဝရပ်နားထားရတာ ။ home quarantine တောင် ဒီနေ့မှ ရက်ပြည့်တာ ။ ကျွန်တော်တို့ကွာရန်တင်း ဝင်နေတဲ့အချိန်မှာ ပြည်သူတွေ မသိနားမလည်တဲ့ နေရာမှာ ဒီတိုင်းရင်းသား ပါတီနဲ့အတူတူပဲဆိုပြီး ပုံမှားရိုက်ပြီးဝင်တဲ့သူတွေရှိတယ်။လူတွေကို လှည့်စားတယ် ။ ကျွန်တော်တို့ကို ပေးရင် အတူတူပဲဆိုပြီး ။ မူဝါဒကိုလည်း ပုံမှားရိုက်တယ် ။ ပါတီကိုလည်း ပုံမှားရိုက်ပြီး သွားလာနေတဲ့သူတွေရှိတယ် ။ပြည်သူတွေရဲ့ နိုင်ငံရေးအသိ ပညာအရရော ၊ နောက်ပိုင်း သက်ကြီးပိုင်းတွေက အတွေ့အကြုံနည်းတဲ့သူတွေကရော ယုံကြည်တာပေါ့ " လို့ CNLD ပါတီ ကိုယ်စားလှယ်လောင်း ဆလိုင်းမနားကီးက Duwun ကိုပြောပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာတော့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ နဲ့ ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD) ကတော့ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်းတို့မှာ ကိုယ်စားလှယ်လောင်း (၅၇)ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပြည်သူ့လွှတ်တော် ၁၃ ဦး ၊ အမျိုးသားလွှတ်တော် ၁၆ဦး ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၂၅ဦး နဲ့ ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ် ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က