မြင်းခြံမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံထောက်ခံသူတွေက ဒေါ်အောင်ဆန်းစုကြည် စီးနင်းခဲ့ဖူးတဲ့ လှည်းယာဉ်နဲ့ အတူ မဲဆွယ်စည်းရုံးမှုတွေကို ဒီနေ့အောက်တိုဘာ (၁၆) ရက်က ပြုလုပ်ခဲ့ရာ ဝန်းရံထောက်ခံသူ သိန်းနဲ့ချီဝင်ရောက် ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ဝန်းရံထောက်ခံပွဲမှာ ပိုင်ရှင်ဆိုသူက ဒေါ်အောင်ဆန်းစုကြည်စီးနင်းခဲ့တဲ့ လှည်းယာဉ်ကို လေလံတင်ရောင်းချမယ်လို့ စီစဉ်ထားခဲ့ပေမယ့် ဝန်းရံသူတွေနဲ့ စည်ကားများပြားခဲ့တဲ့ပုံရိပ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ထုကို ဂုဏ်ပြုလက်ဆောင်ပေးဖို့ ပန်းပုဆရာတစ်ဦးက ကမ်းလှမ်းလာခဲ့တာကြောင့် ဒီလှည်းယာဉ်ကို လေလံတင်မရောင်းတော့ဘဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပိုင်ရှင်ဖြစ်သူ ကိုဖိုးသက်က ပြောပြပါတယ်။
ဓာတ်ပုံ- ကိုဖိုးသက် (ဒီနေ့မနက် မြင်းခြံမြို့မှာပြုလုပ်တဲ့ ဝန်းရံထောက်ခံပွဲ)
" အစက ဒီလှည်းလေးကို လေလံတင်ပြီး ရလာတဲ့ ငွေကို ပါတီရုံးကို လှူဒါန်းဖို့တော့ စိတ်ကူးထားတယ်။ ဒီနေ့တော့ ဝန်းရံသူတွေကိုကြည့်ပြီး ရုပ်ထုဂုဏ်ပြုလက်ဆောင်ပေးမယ်ဆိုတာတွေနဲ့ ပီတိဖြစ်သွားပြီး လုံး၀ လေလံပစ်တဲ့အစီအစဉ်မရှိတော့ပါဘူး။ အိမ်မှာ ဂိုဒေါင်တစ်လုံးဆောက်နေပါတယ်။ အဲဒါပြီးရင် လှည်းယာဉ်ကို သိမ်းတော့မှာပါ။ NLD အောင်နိုင်ခဲ့ရင် ဒီလှည်းလေးရယ်၊ ရုပ်ထုနဲ့ အတူ ထပ်ပြီး လှည့်လည်သွားဦးမှာပါ"”လို့ လှည်းယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုဖိုးသက်က Duwun ကိုပြောပါတယ်။
အဆိုပါ လှည်းယာဉ်ဟာ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၃) ရက်က ဒေါ်အောင်ဆန်းစုကြည် မြင်းခြံမြို့ကို ပထမဆုံးလာရောက်စဉ် စီးနင်းခဲ့တာဖြစ်ပြီး မူရင်းပိုင်ရှင်အဆင့်ဆင့်ကနေ ဦးကျော်မြင့်၊ ဒေါ်တင်ရှိန်က တစ်ဆင့် ကိုဖိုးသက်က ထိန်းသိမ်းလိုတာကြောင့် ဆက်လက်လက်ဆင့်ကမ်းပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီနောက် ကိုဖိုးသက်က အဆိုပါ လှည်းယာဉ်ကို ပြန်လည်ပြင်ဆင်မွမ်းမံတွေ ပြုလုပ်ခဲ့ပြီးနောက် ဒီနေ့ ဝန်းရံထောက်ခံပွဲမှာ ပြသခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ- ကိုဖိုးသက် (ဒီနေ့မနက် မြင်းခြံမြို့မှာပြုလုပ်တဲ့ ဝန်းရံထောက်ခံပွဲ)
ဒီနေ့ ဝန်းရံပွဲမှာ မြင်းခြံတစ်မြို့လုံးအပြင် အရှေ့၊ အနောက်၊ တောင်နဲ့ မြောက် က ရွာအကုန်လုံးနီးပါး သိန်းနဲ့ချီ လာရောက် ဆင်နွှဲခဲ့ကြတာဖြစ်ပြီး မိန်းလမ်းမတွေ အကုန်လုံးပိတ်သွားတဲ့အပြင် လှည်းယာဉ်လေးကို စောင့်ဆိုင်းပြီး ကြိုဆိုကြတဲ့ ပြည်သူတွေအများအပြားကိုလည်း မြင်တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
“ မြင်းခြံက မိန်းလမ်းကြီးတွေ အကုန်ပိတ်သွားတယ်။ ကျွန်တော်တို့ လှည်းလေးလာဖို့ စောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေလည်း အများကြီးပဲ။ ဝန်းရံတဲ့ ပြည်သူတွေက စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ကားတွေနဲ့ မြင်းတွေ စီးပြီးတော့တောင် လာပြီးဝန်းရံကြတာပါ” လို့ ကိုဖိုးသက်က ပြောပြပါတယ်။