ကိုဗစ်ဒုတိယလှိုင်းမှာ ပိတ်ထားခဲ့တဲ့စက်ရုံအလုပ်ရုံတွေထဲက ကျန်းမာရေး Aအဆင့်ရှိတဲ့ စက်ရုံ၊အလုပ်ရုံတွေကို ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့တာ ဒီကနေ့ဆို (၅)ရက်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
အောက်တိုဘာလ (၁၂)ရက်နေ့ကတည်းက ယနေ့ထိဖွင့်လှစ်ခွင့်ရတဲ့ စက်ရုံ ၊အလုပ်ရုံ (၄၀၀၀)ကျော်ရှိပြီး အဲဒီထဲက စည်းကမ်းလိုက်နာမှုအားနည်းတဲ့ စက်ရုံ(၁၃)ရုံလောက်ကိုတော့ အရေးယူဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့အခုလုပ်နေတာက ကျန်းမာရေး ဂိုက်လိုင်းနဲ့ လိုက်နာမှုမရှိဘဲ ဖွင့်လှစ်နေတဲ့ စက်ရုံတွေကို ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွသက်ဆိုင်ရာကိုတိုင်ကြားဖို့ပြင်ဆင်နေတယ်။ စက်ရုံ (၁၃)ရုံ (၁၄)ရုံလောက်တော့ရှိမယ်။ ကျွန်တော်က စိစစ်ပြီးတိုင်တန်းပေးရုံပဲ။ အရေးယူမှုအပိုင်းကတော့ အစိုးရဘက်ကပဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူမယ်လို့သိရပါတယ်”လို့ မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ ဦးရဲဝင်းထွန်းက Duwun ကိုပြောပါတယ်။
ကိုဗစ်ဒုတိယလှိုင်းမှာ ရပ်နားထားတဲ့ စက်ရုံ အလုပ်ရုံတွေကို အစိုးရအနေနဲ့ကတော့ ကိုဗစ်ကြောင့် အလုပ်သမားတွေကာလရှည်အလုပ်လက်မဲ့မဖြစ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ပြန်ဖွင့်ခွင့်ပြုဖို့စီစဉ်ခဲ့တာပါ။ ရောဂါကာကွယ်ရေးအပါအဝင် အဆင်ပြေပြေလည်ပတ်နိုင်ဖို့အတွက် အစီအစဉ်တွေဆွဲထားပေမယ့်လည်း လက်တွေ့လုပ်ငန်းခွင်မှာ တာဝန်ယူနေသူတွေအနေနဲ့ ပူးပေါင်းပါဝင်မှု အားနည်းချက်တွေရှိနေသလို လိုက်နာမှုအားနည်းနေသေးတယ်လို့လည်းသိရပါတယ်။
တစ်ချို့စက်ရုံတွေမှာ အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မပါရှိဘဲ အလုအ်သမားတွေကို ကိုဗစ်ပိုး ရှိ၊မရှိသွေးဖောက်စစ်ဆေးခဲ့တာတွေလည်းရှိတာကြောင့် ခံဝန်ကတိရေးထိုးခိုင်းကာ သတိပေးဆောင်ရွက်ခဲ့ရတာတွေလည်းရှိပါတယ်။ လက်ရှိမှာတော့ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားတဲ့ စက်ရုံတွေကိုတော့ စည်းကမ်းလိုက်နာမှု ရှိ၊မရှိမြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ စစ်ဆေးကာ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်လျှက်ရှိနေပါတယ်။