၂၀၂၀ရွေးကောက်ပွဲကို စိတ်ဝင်စားမှုလျော့တာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ရဲ့ ရွေးကောက်ပွဲအကြိုလူထုသဘောထားအမြင်စစ်တမ်းတွေ့ရှိချက်ရဲ့ ကနဦးအစီရင်ခံစာအရ ၂၀၁၅ခုနှစ်ကနေ ၂၀၂၀ခုနှစ်အထိ ငါးနှစ်အတွင်း လူထုရဲ့ နိုင်ငံရေးမှာ စိတ်ဝင်စားမှုဟာ ၁၃ရာခိုင်နှုန်းအထိ လျော့ကျနေတယ်လို့ သိရပါတယ်။

PACE ရဲ့ စစ်တမ်းမှာပါဝင်တဲ့ နိုင်ငံရေးတွင် စိတ်ဝင်စားမှု (သင့်အနေနဲ့ နိုင်ငံရေးကို ဘယ်လောက်အတိုင်းအတာအထိ စိတ်ဝင်စားတယ် ဆိုတာ ပြောပြပေးပါ) ဆိုတဲ့ မေးခွန်းမှာ မြန်မာနိုင်ငံလူထုအနေနဲ့ ၂၀၂၀မှာ (၃၀% ) ၊ ၂၀၁၉ (၃၄%) ၊ ၂၀၁၈ (၃၈%) ၊ ၂၀၁၆ (၅၈% ) နဲ့ ၂၀၁၅ (၄၃%) ရှိနေပြီး ရွေးကောက်ပွဲကျင်းပတဲ့နှစ်တွေဖြစ်တဲ့ ၂၀၁၅ နဲ့ ၂၀၂၀မှာ ၁၃ရာခိုင်နှုန်း ကွာဟနေတာ ဖြစ်ပါတယ်။



ဒီစစ်တမ်းဖော်ပြချက်မှာပါရှိတဲ့ လူထုရဲ့ ၂၀၂၀ခုနှစ် နိုင်ငံရေးစိတ်ဝင်စားမှု ၃၀ရာခိုင်နှုန်းဆိုတဲ့ အချက်ကို နိုင်ငံရေးလေ့လာ သုံးသပ်သူတွေအနေနဲ့ အလုံးစုံသဘောတူညီမှုမရှိသလို လူထုရဲ့ နိုင်ငံရေးစိတ်ဝင်မှုဟာ ဒီထက်ပိုမိုမြင့်နိုင်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ အချို့က Duwun ကိုပြောပါတယ်။

ဓာတ်ပုံ-PACE (Pre-election Survey 2020)

" ကျွန်တော်အနေနဲ့ကတော့ လက်မခံဘူး ။ ခုနကပြောခဲ့သလိုပဲ ပြည်သူလူထုရဲ့ နိုင်ငံရေးစိတ်ဝင်စားမှုဆိုတာ နိုင်ငံက ကြုံတွေ့နေရရတဲ့ စိန်ခေါ်မှု အကြပ်အတည်းတွေပေါ်မှာ စိတ်ဝင်စားမှုလို့ ကျွန်တော်က နားလည်တယ် ။ အဲဒီတော့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ၊ တရားဥပဒေစိုးမိုးရေး ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး စတဲ့ နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အကြပ်အတည်းတွေပေါ်မှာ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုက လျော့ကျမသွားဘူးလို့ ကျွန်တော်မြင်တယ် ။ ပိုတောင်မှ တိုးလာတယ်လို့ ကျွန်တော်မြင်တယ် ။ သို့သော်လည်းပဲ ဒီနိုင်ငံရေးစိတ်ဝင်စားမှုဟာ ရွေးကောက်ပွဲနိုင်ငံရေးအပေါ်မှာ စိတ်ဝင်စားမှုနဲ့တော့ ခြားနားနိုင်တယ် ။ရွေးကောက်ပွဲပေါ်မှာ လူထုရဲ့စိတ်ဝင်စားမှုကတော့ အဲဒီမှာပြိုင်မဲ့ပါတီတွေ ၊ ကိုယ်စားလှယ်လောင်းတွေ ၊ ခေါင်းဆောင်တွေပေါ်မှာမူတည်ပြီး ကွဲပြားနိုင်တယ် ၊ ခြားနားနိုင်တယ်" လို့ ဒေါက်တာရန်မျိုးသိမ်းက Duwun ကိုပြောပါတယ်။

ဒီအချက်အလက်ကဖော်ပြတဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးစိတ်ဝင်စားမှုလျော့ကျခြင်းက နိုင်ငံရေးကဏ္ဍအားလုံးကိုမဟုတ်ဘဲ ၂၀၂၀ရွေးကောက်ပွဲကိုပဲ လူထုစိတ်ဝင်စားမှုလျော့ကျနိုင်တာဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပြောကြားလိုက်ပါတယ်။

"၂၀၁၅တုန်းက ဘာပဲပြောပြော အရင်စစ်ဗိုလ်ချုပ်ဟောင်းများရဲ့ အစိုးရ ၊ ပြည်ခိုင်ဖြိုးပါတီကိုတွန်းချပြီး အရပ်သားအစိုးရ တင်မယ်ဆိုတဲ့ လှုပ်ရှားမှုနဲ့စိတ်ဆန္ဒက လူထုကြားထဲမှာ ပြင်းတယ်ဗျ ။ ၂၀၂၀မှာတော့ အဲဒီပြင်းပြမှုလျော့ကျသွားတယ် အဲဒါကိုဆိုလိုချင်တာဖြစ်ပါလိမ့်မယ်။အဲဒီဟာက အဓိက နိုင်ငံရေးရည်မှန်းချက်ဖြစ်ခဲ့တာကိုး အဲဒီကာလက ။၂၀၂၀မှာ တိုင်းရင်းသားပြည်နယ်တွေမှာတော့ ပိုပြီးတက်လာတယ်လို့ မြင်ပါတယ်။PACE က ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ အဖွဲ့ဖြစ်တဲ့အခါ ဒီစစ်တမ်းက ရွေးကောက်ပွဲကိုအခြေပြုပြီး သုံးသပ်ထားတယ်လို့ ထင်ပါတယ် " လို့ ဦးမောင်မောင်စိုးက Duwun ကို ပြောပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)ကတော့ ဒီစစ်တမ်းကို လုံခြုံရေးအရ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ရခိုင်ပြည်နယ်က နေရာအချို့ကလွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တွေ့ဆုံမေးမြန်းမှုပေါင်း ၂၅၇၇ခု ကို သြဂုတ်လ ၃ရက် မှ ၅ရက်အတွင်း ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က