ပြည်သူတွေအနေနဲ့ ပေါ့မသွားစေချင်ဘူးလို့လည်း အတိုင်ပင်ခံက သတိပေးပြောခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ကို အနည်းငယ်ထိန်းချုပ်နိုင်လာပြီး အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။



ဒီနေ့ အောက်တိုဘာ (၁၆) ရက်က ပြုလုပ်တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့အစီရင်ခံစာတင်ပြတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

“ ကျွန်မတို့ ပြည်သူတွေက နေ့စဉ် ကိုဗစ်ရောဂါအခြေအနေက စုံစမ်းလေ့လာနေတယ်လို့ ထင်ပါတယ်။ အခုရက်ပိုင်းအတွင်းမှာအနည်းငယ်ထိန်းချုပ်နိုင်ပြီဆိုတာ တွေ့ကြရမှာပါ။ ဒါက အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပါတယ်။အရှေ့တန်းက ကျွန်မတို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊အဓိက ကျတဲ့ ကျွန်မတို့ရဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ စည်းကမ်းလိုက်နာမှု အပေါ်မူတည်ပါတယ်” လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

အခုဆို မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်သူ သုံးသောင်းကျော်ရှိနေပြီး ကုသမှုခံယူပြီးနောက် ကျန်းမာလို့ ဆေးရုံဆင်းသွားသူက ၄၅ ရာခိုင်နှုန်းရှိပြီး အသေအပျောက်နှုန်းက ၂ ဒသမ ၄ ရာခိုင်နှုန်းရှိတယ်လို့လည်းအတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။

“ သေဆုံးတဲ့သူတွေကို ကြည့်ရင် ၉၅ ရာခိုင်နှုန်းက တစ်ခြားရောဂါအခံရှိတာမြင်ရပါတယ်။ သေဆုံးသူတွေထဲမှာ အသက်ပျောက်ပြီးတော့မှ ဆေးရုံကို ရောက်လာတာက ၁၉ ရာခိုင်နှုန်းရှိပါတယ်။ စမ်းသပ်ကြည့်တော့မှ ကိုဗစ်ရောဂါတွေ့ရှိရတာဖြစ်ပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာပြတာနဲ့ ဆေးရုံကို သွားဖို့၊သက်ဆိုင်ရာကျန်းမာရေးဌာနတွေကို သွားဖို့ ကျွန်မထပ်တလဲလဲသတိပေးချင်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါ အနည်းငယ်ထိန်းချုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ပေါ့မသွားစေချင်ဘဲ နည်းနည်းထိန်းချုပ်လာနိုင်တဲ့အခြေအနေကနေ လုံး၀ ထိန်းချုပ်နိုင်တဲ့အခြေအနေရောက်ဖို့ တော်တော် လုပ်ယူရဦးမှာဖြစ်တယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ကုသမှုတွေအနေနဲ့ နိုင်ငံတကာမှာ အကောင်းဆုံးဆေး၊ အကောင်းဆုံးနည်းပညာတွေ အသုံးပြုနေပြီးတော့ အထိရောက်ဆုံးကတော့ ပြည်သူတွေတစ်ဦးချင်း မိမိရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံသတိပေးပြောခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အောက်တိုဘာ (၁၆) ရက် ည (၈)နာရီအထိ ပိုးတွေ့လူနာစုစုပေါင်း ၃၃,၄၈၈ ဦး၊ သေဆုံးသူ ၇၉၉ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၁၅,၄၇၇ ဦးရှိတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က