ကိုဗစ်ကာကွယ်ရေးနဲ့အညီမဲပေးနိုင်ဖို့ သရုပ်ပြလေ့ကျင့်တာကိုအောက်တိုဘာလ (၂၀) ရက်မှာ‌နောက်ဆုံးအကြိမ်ပြုလုပ်မည်

ရွေးကောက်ပွဲအတွက် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး Stay at Home မြို့နယ်တွေနဲ့ ကိုဗစ်ရောဂါကူးစက်မှု များပြားတဲ့ မြို့နယ်တွေမှာ အထူးအစီအစဉ်လုပ်ဆောင်မှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ 

ဒီနေ့ အောက်တိုဘာ (၁၆) ရက်ညပိုင်းက ပြုလုပ်တဲ့ ကိုဗစ်-၁၉ ရောဂါနောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံစာတင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ ကိုဗစ်ကာကွယ်ရေးနဲ့အညီမဲပေးနိုင်ဖို့ သရုပ်ပြလေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး လာမယ့် အောက်တိုဘာလ (၂၀) ရက်မှာတော့နောက်ဆုံးအကြိမ်လေ့ကျင့်သွားမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။



နောက်ဆုံးအကြိမ် လေ့ကျင့်မှုပြီးရင်တော့ ရွေးကောက်ပွဲကော်မရှင်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ စည်းကမ်းချက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့လည်း သိရပါတယ်။ စည်းကမ်းချက်တွေ ထုတ်တဲ့နေရာမှာ နေရာတိုင်းတပြေးညီမဟုတ်ဘဲ ကူးစက်မှုများတဲ့ နေရာတွေမှာ အထူးအစီအစဉ် လုပ်ဆောင်သွားမှာဖြစ်ပြီး ရောဂါမရှိတဲ့ နေရာတွေမှာတော့ ပုံမှန်အတိုင်းလုပ်သွားမှာဖြစ်ပေမယ့် နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့ ဆိုတာတွေကိုတော့ စီစဉ်သွားမယ်လို့လည်း ဆိုပါတယ်။

Stay at Home မြို့နယ်တွေနဲ့ ကိုဗစ်ရောဂါကူးစက်မှု များပြားတဲ့ မြို့နယ်တွေမှာတော့ နှာခေါင်းစည်းတွေအပြင် Face shield တွေကို အပေါ်ကနေ တပ်ဆင်ဖို့ စသဖြင့် ပိုပြီးသေချာတဲ့အစီအစဉ် သတ်မှတ်မယ်လို့လည်း အတိုင်ပင်ခံက ပြောကြားခဲ့တာပါ။

" ကိုဗစ်ရောဂါရဲ့ အဓိက ကာကွယ်ရမယ့်အချက်ကတော့ သိပ်ပြီးတော့ လူစုလူဝေးတွေ မဖြစ်ဖို့ ၊ တစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာခွာနေဖို့ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲမှာ မဲလာပေးတဲ့ ပြည်သူတိုင်းကို စစချင်း အဖျားတိုင်းမှာပါ။ အပူချိန်က မြင့်သင့်တာထက် မြင့်နေရင် ဘယ်လိုစီစဉ်ထားလဲ၊ ကျန်းမာရေးအတွက် ဘယ်လိုလုပ်မလဲဆိုတာလည်း အားလုံးစီစဉ်ထားပါတယ်။ ဒါပေမယ့် လူစုလူဝေးမဖြစ်လေကောင်းလေပါပဲ။ ဒါကြောင့် ၆ ပေခွာပြီးတော့ ပြည်သူတွေ တန်းစီဖို့ လုပ်ထားတယ်။ ကြာကြာတန်းစီဖို့ မလိုအောင်လို့တော့ဘယ်လိုစည်းမျဉ်းတွေ သတ်မှတ်မလဲဆိုတာတော့ သေချာ လေ့လာထားပြီးပါပြီ” လို့ နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါကြောင့် ပြည်သူပြည်သားတွေအနေနဲ့ အထွေထွေရွေးကောက်ပွဲမှာ တက်တက်ကြွကြွနဲ့ ပါဝင်ပြီး မဲပေးကြဖို့၊ ကိုဗစ်ရောဂါကို ကာကွယ်တဲ့နေရာမှာလည်း အားလုံးပါဝင်ဆောင်ရွက်ပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံပြောကြားခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က