ရဲတပ်ဖွဲ့က ရေအမြောက်ပစ်လွှတ်ပြီး ဒိုင်းကာများ၊ ရာဘာတုတ်များဖြင့် ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရက ထုတ်ပြန်ထားတဲ့ အရေးပေါ်အမိန့်ဒီကရီကို ဖီဆန်အန်တုပြီး ဆန္ဒပြမှုတွေကို ဦးဆောင်စီစဥ်သူတွေက ဆန္ဒပြပွဲပြီးဆုံးပြီဖြစ်ကြောင်း ယနေ့ (အောက်တိုဘာ ၁၆ ရက်) ညပိုင်းမှာ ကြေညာလိုက်ပါတယ်။

(Photo: AFP)

အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရေအမြောက်သုံးကာ လူစုခွဲမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဆန္ဒပြခေါင်းဆောင်တွေက ဆန္ဒပြပွဲပြီးဆုံးကြောင်း ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ ဆန္ဒပြပွဲ ဦးဆောင်စီစဥ်သူတစ်ဦးထံမှ ဆန္ဒပြမှုတွေ အဆုံးသတ်ပြီလို့ အမှာစကားတစ်ခု ပေးပို့လာခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ယနေ့ညနေပိုင်းမှာ ရေအမြောက်ပစ်လွှတ်ပြီး ဒိုင်းကာများ၊ ရာဘာတုတ်များဖြင့် ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို လူစုခွဲခဲ့ကြပါတယ်။



ထိုင်းအစိုးရက ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်) မနက် ၄ နာရီမှာ အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ခဲ့ပြီး လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုတဲ့ လူစုလူဝေးလုပ်မှုနဲ့ ဆူပူအုံကြွမှုဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို တားမြစ်ထားပါတယ်။ သို့သော် ဆန္ဒပြသူတွေက ထိုအမိန့်ဒီကရီကို ဖီဆန်အန်တုပြီး စုရုံးလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

(Photo: AFP)

ဆန္ဒပြသူတွေက စစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ရာထူးမှနုတ်ထွက်‌ရန်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲရန် တောင်းဆိုနေခဲ့ကြပါတယ်။ ဒါ့အပြင် ထိုင်းမှာ ဩဇာကြီးမားတဲ့ မဟာဗာဂျီယာလောင်ကွန်းရဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန်လည်း ဆန္ဒပြသူတွေက တောင်းဆိုလာခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ပရာယွတ်ကတော့ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုတွေကို ပယ်ချထားပြီး ကာဖျူးအမိန့် ထုတ်ပြန်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။ ထိုင်းမှာ အောက်တိုဘာ ၁၃ ရက်နေ့မှစပြီး ဆန္ဒပြသူတွေက ဘုရင်ရဲ့ယာဥ်တန်းဖြတ်သန်းရာ လမ်းမအနီး ယာယီတဲထိုး နေရာယူထားခဲ့ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ထို့နောက် အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ ဘန်ကောက်မြို့ရှိ ဒီမိုကရေစီအထိမ်းအမှတ် ကျောက်တိုင်မှာ ဆန္ဒပြသူများ ထောင်နဲ့ချီ စုရုံးခဲ့ကြပြီးနောက် အစိုးရအိမ်တော်ရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

(Photo: Reuters)

ဆန္ဒပြသူအချို့က ထို့နေ့ညမှာလည်း အစိုးရအိမ်တော်ရှေ့မှာ ဆက်လက်ရှိနေခဲ့ကြပြီး အစိုးရက နောက်တစ်နေ့ မနက် ၄ နာရီမှာ အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အ‌ရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ပြီးနော မကြာမီမှာပင် အစိုးရအိမ်တော်‌‌ရှေ့ လမ်းမပေါ်ရှိ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။

ထိုသို့ ဖယ်ရှားရှင်းလင်းခဲ့စဥ် အဓိကကျတဲ့ ဆန္ဒပြခေါင်းဆောင်တွေ အပါအဝင် လူ ၂၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေက ယမန်နေ့ ညနေ ၄ နာရီအချိန် ဘန်ကောက်မြို့လယ်ရှိ Ratchaprasong မှာ ပြန်လည်စုရုံးကြရန် တိုက်တွန်းခဲ့ပါတယ်။ ယမန်နေ့ ညနေပိုင်းမှာ ဆန္ဒပြလူအုပ်စုဟာ ထောင်ဂဏန်းနဲ့ချီ ပြန်လည်စုရုံးလာခဲ့ကြတယ်လို့ ဆိုပါတယ်။

ထို့နောက် ယနေ့မှာလည်း ဆန္ဒပြသူတွေက အစိုးရရဲ့ အရေးပေါ်အမိန့်ဒီကရီကို ဖီဆန်ပြီး ညပိုင်းအချိန်အထိ ဆက်လက် ဆန္ဒပြနေခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ‌ရေအမြောက်ပစ်လွှတ် လူစုခွဲမှုတွေရှိလာပြီးနောက်မှာတော့ ဆန္ဒပြခေါင်းဆောင်တွေက ဆန္ဒပြပွဲကို အဆုံးသတ်ပြီဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ပေါ်ပေါက်နေတဲ့ ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နိုင်ငံတစ်ဝန်းမှ လူငယ်အုပ်စုများ ပူးပေါင်းထားပြီး Peopele's Party လို့ သိထားကြတဲ့အဖွဲ့က ဦးဆောင်ပြုလုပ်နေခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးလအတွင်း ဝန်ကြီးချုပ်ပရာယွတ် နုတ်ထွက်ရေးအပါအဝင် တောင်းဆိုချက်များနဲ့အတူ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့ကာ နိုင်ငံရေးတင်းမာမှု မြင့်တက်နေခဲ့ပါတယ်။


(နောက်ဆက်တွဲသတင်းအရ ဆန္ဒပြသူတွေက လူစုလူ‌ဝေးမလုပ်ရန် တားမြစ်ထားတဲ့ အရေးပေါ်အမိန့်ဒီကရီကို ဖီဆန်ပြီး သုံးရက်ဆက်တိုက်အဖြစ် အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြန်လည်စုရုံး ဆန္ဒပြသွားမယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်)

Source: Reuters, CNA

Share

Loading Next Article...
က္က