အထွေထွေရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ(၈)ရက်နေ့မှာ မဲရုံတွေကိုမဲလာပေးသူတွေရဲ့ကျန်းမာရေးအခြေအနေကိုစစ်ဆေးကြည့်ရှုပြီး လိုအပ်တဲ့ Mask ဝေပေးတာ၊ လက်ဆေးသန့်စင်ရည်ဖျန်းပေးရန်တို့ကို လုပ်ဆောင်ရန်အတွက်မူလအင်အားအပြင် နောက်ထပ်Volunteer နှစ်ဦးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းညွှန်ချက်နဲ့အားဖြည့်ထားတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ကြေညာချက်ကိုတော့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှာ အောက်တိုဘာ ၁၃ရက်ကပြုလုပ်ခဲ့တဲ့ အစမ်းလေ့ကျင့်မှုအပြီးမှာ ထုတ်ပြန်ခဲ့တာပါ။မူလက မဲရုံအပြင်ဘက်ပိုင်းဆောင်ရွက်မှုမှာ တာဝန်ထမ်းဆောင်မယ့်သူ သုံးဦးရှိမှာဖြစ်ပြီးထပ်မံဖြည့်တင်းလိုက်တဲ့ နှစ်ဦးနဲ့ပေါင်းမယ်ဆိုရင် ငါးဦးအထိရှိနေမှာဖြစ်ပါတယ်။ မဲလာပေးသူတွေရဲ့ကျန်းမာရေးလုံခြုံစိတ်ချရမှုအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ N95 Mask များကို ဖြန့်ဝေပေးခြင်းနဲ့ အယ်လ်ကိုဟော ၈၅ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်ဆေးရည်တွေအသုံးပြုခြင်းတို့ကိုဆောင်ရွက်ရန်လည်း စီစဉ်ထားပါတယ်။
မဲရုံအတွင်းပိုင်းပြင်ဆင်မှုအတွက်လည်း မဲရုံဝန်ထမ်းတွေအတွက် မူလကဖြန့်ဝေပေးထားတဲ့ လက်အိပ်တွေအစား Surgical Glove တွေအစားထိုးဖြည့်ဆည်းမှာဖြစ်ပြီး မဲဆန္ဒရှင်သက်သေခံကတ်ပြားစွန့်ပစ်ရန်၊ ယာယီမဲရုံတည်ဆောက်ရာမှာ လေဝင်လေထွက်ကောင်းပြီး လုံလောက်တဲ့အကျယ်အဝန်းရှိရန်၊ ၆ပေအကွာတန်းစီနိုင်ရန်၊ နိုင်ငံသားစိစစ်ရေးကတ်ထည့်ရန်၊ လည်ဆွဲကြိုးများဖြန့်ဝေပေးရန်တို့ကိုလည်း စနစ်တကျဆောင်ရွက်ထားရှိမယ်လို့ အတိုင်ပင်ခံရုံးရဲ့သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။
ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေနဲ့မဲရုံဝန်ထမ်းတွေအားလုံးကျန်းမာရေးလုံခြုံစိတ်ချမှုရရှိစေရန်အတွက် အစမ်းလေ့ကျင့်မှုသုံးကြိမ်ပြုလုပ်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကြေညာထားပြီး နေပြည်တော်မှာလက်တွေ့သရုပ်ပြလေ့ကျင့်မှု နှစ်ကြိမ်ပြုလုပ်ပြီးဖြစ်ပါတယ်။ ၂၀၂၀အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲရုံပေါင်း လေးသောင်းကျော်တည်ဆောက်ကျင်းပမှာဖြစ်ပြီး လက်ရှိအချိန်မှာ မဲရုံနှစ်သောင်းဝန်းကျင်ခန့်အတွက် နေရာအခက်အခဲရှိနေပြီး ယာယီမဲရုံတွေတည်ဆောက်သွားရန်လည်းစီစဉ်ထားတယ်လို့ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။