ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုင်းတစ်ခုနဲ့ပြည်နယ်အများစုမှာ ရွေးကောက်ပွဲဖျက်သိမ်းလိုက်ကြောင်း ကြေညာချက်အပေါ် တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်တွေအကြား ဝေဖန်ထောက်ပြစရာ ဖြစ်ခဲ့ရပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်မှာဆိုရင် မြို့နယ် (၆) မြို့နယ် ၊ ရခိုင်ပြည်နယ် မှာဆိုရင် မြို့နယ် (၉) မြို့နယ်က မြို့လုံးကျွတ်မှာ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဖျက်သိမ်းခြင်းခံလိုက်ရတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အားခဲထားတဲ့ တိုင်းရင်းသားပါတီတွေ အခက်အခဲတွေ ဖြစ်ရတယ်လို့ လက်ရှိ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရခိုင်အမျိုးသားပါတီကနေ မြောက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးထွန်းသာစိန်က Duwun ကို ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပခွင့်မရတဲ့ ရခိုင်ပြည်နယ်ကမြို့နယ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပါတီတွေကအများဆုံး အနိုင်ရခဲ့တာဖြစ်ပြီး အခုတော့ အဲဒီမြို့နယ်တွေ ရွေးကောက်ပွဲလုပ်ခွင့်မရတော့တာဟာ ရခိုင်ပါတီတွေကပဲ အနိုင်ရရှိမှာဖြစ်လို့ ချန်လှပ်ထားခဲ့သလားလို့တောင် သံသယဝင်မိကြောင်း ဦးထွန်းသာစိန်က ဆက်ပြောပါတယ်။
“ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားတာ။ အခုတော့ အချိန်ကုန်တယ်။ ငွေကုန်တယ်။ လူပင်ပန်းတယ်။ ပင်ပန်းသလောက် ကျွန်တော်တို့ အဖတ်မတင်ဘူး။ ဒါထက်ဆိုးတာက ကျွန်တော်တို့ဒေသကို ကိုယ်စားပြုမယ့်သူတစ်ယောက် ဆုံးရှုံးသွားတာက ပြည်သူလူထုအတွက် အများကြီးနစ်နာတာပေါ့။ ကျွန်တော်တို့ ဒေသမှာ ရွေးကောက်ပွဲမလုပ်ခြင်းဟာ ကျွန်တော်တို့ကို သတင်းအမှောင်ချပြီးသက်သက်ခွဲခြားထားသလားဆိုတဲ့ သံသယတွေလည်း ဝင်မိကြပါတယ်” လို့ ရခိုင်အမျိုးသားပါတီအမတ် ဦးထွန်းသာစိန်က ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းက နယ်မြေအချို့ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့ အခြေအနေမရှိတာကြောင့် ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ (၁၆) ရက်ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲဖျက်သိမ်းလိုက်တဲ့ မြို့နယ်တွေကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်သလဲဆိုတာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ချပြဖို့လိုကြောင်းကိုလည်း Myanmar Institute for Peace and Security မှ Executive Director ဦးမင်းဇော်ဦးကလည်း သူ့ရဲ့ သဘောထားကို အခုလို ပြောပြပါတယ်။
“ နံပါတ် တစ်ကတော့ ပွင့်လင်းမြင်သာမှုမရှိဘူး။ ဘယ်မြို့နယ်တွေမှာဘာကြောင့်မို့ လုပ်လို့ရတယ်။ လုပ်လို့မရဘူးဆိုတာ ပြရမယ်။ ဥပမာ - ပလက်ဝပေါ့။ ပလက်ဝမှာ လုပ်လို့ရတယ်လို့ ပြောပြီးတော့ တစ်ခြား ရခိုင်ပြည်နယ်က တိုက်ပွဲတွေတောင်မရှိတဲ့ ဥပမာ ပေါက်တောလိုနေရာမျိုးမှာ လုပ်လို့မရဘူးဆိုတော့ ဘယ်လို သတ်မှတ်ချက်တွေနဲ့ ဆုံးဖြတ်လဲဆိုတာ ပွင့်ပွင်းလင်းလင်းလူထုသိအောင်ပြောပြဖို့ လိုတယ်။အခုလို ပုံစံမျိုး ပွင့်လင်းမြင်သာမှုမရှိဘဲ ကော်မရှင်က ကြိတ်ပြီးဆုံးဖြတ်တဲ့ပုံစံဖြစ်နေရင်တော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လားမလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်လာပါလိမ့်မယ်” လို့ ဦးမင်းဇော်ဦးက Duwun ကို ပြောပါတယ်။
ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့အခြေအနေတွေကြောင့်လိုဆိုပေမယ့် တစ်ချို့နေရာတွေက တိုက်ပွဲလည်းမရှိသလို နယ်မြေဒေသအရလည်း ကျင်းပလို့ရနိုင်တဲ့နေရာတွေ ဖြစ်တယ်လို့ ကချင် ပြည်သူ့ပါတီ ဒုတိယဥက္ကဌ နော်ဒွဲ့ဘူက ပြောပြပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကျင်းပလို့မရတဲ့ နေရာတွေက တိုင်းရင်းသားဒေသတွေ အများဆုံးဖြစ်တာကြောင့် တိုင်ရင်းသားပြည်သူတွေအနေနဲ့ မဲပေးခွင့်ဆုံးရှုံးသွားရတယ်လို့လည်း ဆိုပါတယ်။
“ လက်မှတ်ထိုးပြီးသားဖြစ်တဲ့ ကရင်တို့ဘာတို့တောင် မကျင်းပတဲ့နေရာအဖြစ် တွေ့နေရတယ်ဆိုတော့ လက်မှတ်ထိုးထားတဲ့နေရာတွေတောင် တရားဥပဒေမစိုးမိုးတော့ဘူးလား။ ကျွန်မတို့ လက်မှတ်မထိုးသေးတဲ့နေရာတွေကတော့စိုးရိမ်လို့ဆိုတာကတော့ ထားပါတော။ တကယ်တမ်းကတော့ ဘာမှလဲ အနှောင့်အယှက်ပြုစရာမရှိဘဲ မကျင်းပတဲ့နေရာတွေများကတော့ တိုင်းရင်းသားတွေ မဲပေးခွင့်ဆုံးရှုံးတာပေါ့” ကချင်ပြည်သူ့ပါတီ ဥက္ကဌ နော်ဒွဲ့ဘူက Duwun ကို ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေက ရခိုင်ပြည်နယ်အတွင်းက မြို့နယ်(၉)ခုနဲ့ ကျေးရွာအုပ်စု (၁၅၂) ခု၊ ရှမ်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း (၆) ခုနဲ့ ကျေးရွာအုပ်စု (၁၃၅) ခု၊ ကချင်ပြည်နယ်က ကျေးရွာအုပ်စု (၁၉၂) ခု၊ ကရင်ပြည်နယ်က ကျေးရွာအုပ်စု (၅၂) ခု၊ ပဲခူးတိုင်းအတွင်းက ကျေးရွာအုပ်စု (၄၂) ခု၊နဲ့ မွန်ပြည်နယ်က ကျေးရွာ အုပ်စု (၁)ခု တို့ဖြစ်ကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
Share