ဂျက်စင်ဒါဟာ COVID-19 ကူးစက်ဖြစ်ပွားမှုကို ကိုင်တွယ်ဆောင်ရွက်ရာမှာ နိုင်ငံသားတွေရဲ့ ကျေနပ်မှုကိုရရှိခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက မဲအပြတ်အသတ်ဖြင့် အနိုင်ရှိခဲ့ကြောင်း သိရပါတယ်။

(နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်း) (Photo: AP)

 မဲလက်မှတ်အများစုကို ရေတွက်ပြီးစီးချိန်မှာ ဝန်ကြီးချုပ်ဂျက်စင်ဒါရဲ့ လေဘာပါတီ (Labour Party) က ထောက်ခံမဲ ၄၉ ရာခိုင်နှုန်းရရှိထားပြီး လွှတ်တော်အမတ်နေရာ အများစုအတွက် ရှားရှားပါးပါး အပြတ်အသတ် အနိုင်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အတိုက်အခံ ဗဟိုလက်ဝဲဝါဒီ နေရှင်နယ်ပါတီ (National Party) က လက်ရှိမှာ ထောက်ခံမဲ ၂၇ ရာခိုင်နှုန်းရရှိထားပြီး ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။



နယူးဇီလန်ရွေးကောက်ပွဲရက်ကို မူလက စက်တင်ဘာလအတွင်း စီစဥ်ထားခဲ့ပေမဲ့ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု တစ်ကျော့ပြန်ဖြစ်လာမှုကြောင့် တစ်လနောက်ဆုတ်ပြီး ယနေ့ (အောက်တိုဘာ ၁၇ ရက်) ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ မဲရုံတွေကို ယနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ည ၇ နာရီမှာ ပိတ်သိမ်းခဲ့တပါတယ်။

(အတိုက်အခံ နေရှင်နယ်ပါတီခေါင်းဆောင် Judith Collins) (Photo: Getty Images)

နယူးဇီလန်ရွေးကောက်ပွဲမှာ လူဦးရေတစ်သန်းကျော်က အောက်တိုဘာ ၃ ရက်မှာ စတင်ခဲ့တဲ့ ကြိုတင်မဲပေးမှုအစီအစဥ်ဖြင့် မဲပေးထားခဲ့ကြပြီး ဖြစ်ပါတယ်။ ယခုနှစ် နယူးဇီလန်ရွေးကောက်ပွဲနဲ့အတူ ပြည်သူတွေက ပြည်းလုံးကျွတ်ဆန္ဒခံယူမှု နှစ်ခုအတွက်လည်း မဲပေးကြရတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိအချိန်အထိ ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ်ဂျက်စဒင်ဒါရဲ့ လေဘာပါတီက ထောက်ခံမဲ ၄၉ ရာခိုင်နှုန်း၊ နေရှင်နယ်ပါတီက ထောက်ခံမဲ ၂၇ ရာခိုင်နှုန်း၊ ACT New Zealand နဲ့ Green ပါတီတို့က ၈ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရပါတယ်။ "နယူးဇီလန်ပြည်သူတွေက လေဘာပါတီကို နှစ်ပေါင်း ၅၀ နီးပါးအတွင်း အကြီးကျယ်ဆုံး ထောက်ခံမှုပြသခဲ့ပါတယ်" လို့ ဂျက်စင်ဒါက သူမရဲ့ ထောက်ခံသူတွေကို ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပြောခဲ့ပါတယ်။

(Image: @helenrsullivan/Twitter)

နေရှင်နယ်ပါတီခေါင်းဆောင် Judith Collins က ဝန်ကြီးချုပ်ဂျက်စင်ဒါ အနိုင်ရရှိမှုအတွက် ဂုဏ်ပြုဝမ်းမြောက်ကြောင်းနဲ့ သူမရဲ့ပါတီက ခိုင်မာတောင့်တင်းတဲ့ အတိုက်အခံအဖြစ် ရပ်တည်သွားမယ်လို့ ဆိုပါတယ်။ "သုံးနှစ်က မျက်စိတစ်မှိတ်အတွင်း ကုန်သွားမှာပါ၊ ကျွန်မတို့ ပြန်လာပါမယ်" လို့ Judith Collins က နောက်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို ရည်ညွှန်းပြောကြားခဲ့ပါတယ်။

မဲလက်မှတ်များ ရေတွက်ပြီးစီးခဲ့မှုအရ ဝန်ကြီးချုပ်ဂျက်စင်ဒါရဲ့ လေဘာပါတီက လွှတ်တော်အမတ်နေရာ ၆၄ နေရာ အနိုင်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နယူးဇီလန်မှာ ၁၉၉၆ ခုနှစ်က Mixed Member Proportional representation (MMP) ခေါ် မဲပေးရွေးချယ်မှုစနစ် စတင်ကျင့်သုံးခဲ့ချိန်နောက်ပိုင်း မည်သည့် ပါတီကမှ ယခု လွှတ်တော်အမတ်နေရာ အရေအတွက်ကို အနိုင်မရခဲ့ဖူးကြောင်းလည်း သိရပါတယ်။

အသက် ၄၀ နှစ်အရွယ် ဂျက်စင်ဒါဟာ COVID-19 ကူးစက်ဖြစ်ပွားမှုကို ကိုင်တွယ်ဆောင်ရွက်ရာမှာ နိုင်ငံသားတွေရဲ့ ကျေနပ်မှုကိုရရှိထားသူဖြစ်ပြီး ရွေးကောက်ပွဲမှာ သူမရဲ့ပါတီ အနိုင်ရရှိမှုနဲ့အတူ နယူးဇီလန်ဝန်ကြီးချုပ်အဖြစ် ဒုတိယသက်တမ်း ဆက်လက် တာဝန်ယူသွားနိုင်ရန် သေချာနေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က