ကူးစက်ခံရပြီး (၂၈) ရက်အကြာ ပကတိပြန်လည်နေကောင်းလာသူတွေ လှူဒါန်းပေးဖို့ တိုက်တွန်းခဲ့တာပါ။

ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီး ပျောက်ကင်းသွားသူတွေ သွေးရည်ကြည်လှူဒါန်းပေးကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်ပြီး အလှူရှင်တစ်ဦးထံကနေ သွေးရည်ကြည် (၄၀၀) စီစီကနေ (၆၀၀) စီစီအထိ ထုတ်ယူနိုင်တာကြောင့် လူနာ နှစ်ဦးမှ သုံးဦးအတွက် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။



ရောဂါပျောက်ကင်းသွားသူတွေရဲ့ သွေးရည်ကြည်ကို အသုံးပြုပြီး ကိုဗစ်-၁၉ ပြင်းထန်လူနာတွေကို ကုသရာမှာ ရောဂါသက်သာပျောက်ကင်းခဲ့တာကြောင့် ကူးစက်ခံရပြီး (၂၈) ရက်အကြာ ပကတိပြန်လည်နေထိုင်ကောင်းလာသူတွေအနေနဲ့ သွေးရည်ကြည်ကို လှူဒါန်းခြင်းဖြင့် ပြင်းထန်စွာခံစားနေရတဲ့ လူနာတွေရဲ့ အသက်ကို ကယ်တယ်ပေးနိုင်မယ်လို့လည်း သိရပါတယ်။

သွေးရည်ကြည်လှူဒါန်းရာမှာလည်း အလှူရှင်ရဲ့ သွေးနီဥတွေကို အလှူရှင်တွေရဲ့ ခန္ဓာကိုယ်တွင်းသို့ စက်မှတစ်ဆင့် ပြန်လည်သွင်းပေးခြင်းကြောင့် သွေးအားလျော့နည်းသွားတာမရှိဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် နှစ်ပတ်မှ လေးပတ်၊ တစ်ကြိမ်မှ သုံးကြိမ်အထိ လှူဒါန်းနိုင်တာကြောင့် သွေးရည်ကြည်လှူဒါန်းသူတစ်ဦးကနေ တစ်ဦးထက်မကတဲ့ ကိုဗစ်လူနာတွေရဲ့ အသက်တွေကို ကယ်တင်နိုင်မယ်လို့လည်း ဝန်ကြီးဌာနကပြောပါတယ်။

သွေးရည်ကြည်အလှူရှင်ဟာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး (၂၈) ရက်ထက် မနည်းနေကောင်းနေသူဖြစ်ရမှာဖြစ်ပြီး အသက် (၁၈) နှစ်ကနေ (၆၀) အတွင်း ရှိရမှာပါ။ အမျိုးသားဆိုရင် ကိုယ်အလေးချိန် အနည်းဆုံး ပေါင် (၁၂၀) ရှိရပြီး အမျိုးသမီးဆိုရင်တော့ ပေါင် (၁၁၀) ရှိရပြီး ကျန်းမာနေကောင်းနေရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မလှူဒါန်းမှီ ကျန်းမာရေးစစ်ဆေးပေးမှာဖြစ်သလို လှူဒါန်းနေစဉ်အတွင်း ကျန်းမာရေးကိုမထိခိုက်စေဖို့ စည်းကမ်းတွေအတိုင်း ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ အမျိုးသားသွေးဌာနကနေ ရန်ကုန်မြို့၊ ဦးဝိဇာရလမ်း၊ ဇီဝလမ်းခွဲက ဆေးသုတေသနဦးစီးဌာနမှာ သွေးရည်ကြည်လှူဒါန်းနိုင်ဖို့ သီးသန့်အခန်းဖွင့်လှစ်ထားပြီး လှူဒါန်းလိုသူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉-၅၁၃၀၄၁၈၊ ၀၉- ၅၄၀၂၀၉၈၊ ၀၉-၉၆၅၁၃၀၄၁၈ တို့ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က