ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုခံမှုဟာ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၇ ရက်နေ့မှာ ၄၀၀,၀၀၀ ကျော် တိုးလာခဲ့ပြီး တစ်ရက်အတွင်း အများဆုံးစံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
လတ်တလောမှာ ဥရောပဒေသတွင်း နိုင်ငံအတော်များများက ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေတာကြောင့် ထိန်းချုပ်ကာကွယ်ရေး ပိတ်ပင်ကန့်သတ်ချက်အသစ်များ သတ်မှတ်ဆောင်ရွက်နေကြပါတယ်။ ကူးစက်မှုပထမလှိုင်းကို အောင်အောင်မြင်မြင် လျှော့ချနိုင်ခဲ့ပြီးနောက် လတ်တလော သီတင်းပတ်များအတွင်း ဥရောပဟာ ကမ္ဘာတစ်ဝန်း ကူးစက်မှုဗဟိုချက်နေရာသစ် ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဥရောပမှာ နေ့စဥ် COVID-19 ကူးစက်ခံရသူ ပျမ်းမျှ ၁၄၀,၀၀၀ တိုးလာနေခဲ့ပါတယ်။ ဒေသတစ်ခုအနေနဲ့ ဥရောပမှာ နေ့အလိုက် ကူးစက်မှုအသစ်တွေ့ရှိရမှုဟာ အိန္ဒိယ၊ ဘရာဇီးနဲ့ အမေရိကန် သုံးနိုင်ငံပေါင်းထက် ပိုများနေခဲ့ပါတယ်။ လတ်တလောမှာ ကမ္ဘာတစ်ဝန်း ကူးစက်မှုအသစ် ၁၀၀ မှာ ဥရောပနိုင်ငံတွေမှ ၃၄ ဦးပါဝင်နေကြောင်း Reuters သတင်းဌာန လေ့လာဆန်းစစ်မှုက ဆိုပါတယ်။
(Photo: Channi Anand/AP)
ဥရောပမှာ ကိုးရက်ခန့်အတွင်း COVID-19 ကူးစက်မှုအသစ် တစ်သန်း တွေ့ရှိနေခဲ့ရပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်အထိ ဒေသတွင်း ကူးစက်ခံရသူ ၆.၃ သန်းကျော်ရှိပြီ ဖြစ်ပါတယ်။ အဓိက ဥရောပနိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ နယ်သာလန်နဲ့ စပိန်တို့မှာတွေ့ရတဲ့ ကူးစက်မှုအသစ် စုစုပေါင်းအရေအတွက်ဟာ အောက်တိုဘာ ၁၈ ရက်အထိ တစ်ပတ်အတွင်း ဥရောပမှာတွေ့ရတဲ့ ကူးစက်မှုအသစ်အားလုံးရဲ့ တစ်ဝက်ခန့်ရှိနေပါတယ်။
ပြင်သစ်နိုင်ငံဟာ ခုနစ်ရက်အတွင်း ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ကူးစက်မှုအသစ် ၁၉,၄၂၅ ဦး တိုးလာနေပြီး ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေပါတယ်။ ပြင်သစ်ပြီးပါက ဗြိတိန်၊ ရုရှား၊ စပိန်နဲ့ နယ်သာလန်တို့က ဥရောပဒေသတွင်း လတ်တလော COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံး နိုင်ငံတွေဖြစ်ပါတယ်။
(Photo: Miguel Medina/AFP/Getty Images)
ဥရောပနိုင်ငံအချို့မှာ ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်နေမှုကြောင့် စာသင်ကျောင်းများပိတ်ခြင်း၊ စိတ်ကြိုက်ရက်ရွေးကာ ခွဲစိတ်ကုသမှုများကို ဖျက်သိမ်းထားခြင်းနဲ့ ဆေးကျောင်းသူ/သားတွေကို ပါဝင်ကူညီစေခြင်းတို့ လုပ်ဆောင်နေရပါတယ်။ ရုရှားနိုင်ငံက စာသင်ကျောင်းတွေကို အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲသင်ကြားစေပြီး နယ်သာလန်ကတော့ ကျောင်းတွေကို သီတင်းနှစ်ပတ်နဲ့ စားသောက်ဆိုင်တွေကို သီတင်းလေးပတ်ကြာ ပိတ်ထားပါတယ်။
စပိန်မှာ ကတ်တလိုနီးယားအာဏာပိုင်တွေက ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ၁၅ ရက်ကြာ ပိတ်ခိုင်းထားပြီး ဈေးဆိုင်တွေကို ဝယ်သူအရေအတွက် ကန့်သတ်ထားကြောင်း သိရပါတယ်။ ထို့အတူ ချက်ရီပတ်ဘလစ်နိုင်ငံမှာလည်း ပိတ်ပင်ကန့်သတ်ချက်များ ထုတ်ပြန်ထားရာ စာသင်ကျောင်းတွေကို ခပ်ခွာခွာဖြင့် သင်ကြားစေခြင်းနဲ့ ထောင်နဲ့ချီတဲ့ ဆေးကျောင်းသူ/သားတွေကို အကူအညီပေးရန် ခေါ်ယူထားပါတယ်။
(Photo: Reuters)
ချက်ရီပတ်ဘလစ်မှ ဆေးရုံတွေကိုလည်း အရေးတကြီးမဟုတ်တဲ့ ဆေးရုံတင်ကုသမှုတွေ လျှော့ချထားစေပြီး လူနာကုတင် ပိုမိုရရှိနိုင်ရန် လုပ်ဆောင်နေပါတယ်။ ပိုလန်နိုင်ငံမှာလည်း ယခုသီတင်းပတ်အတွင်း COVID-19 ကူးစက်ခံရသူ ၆,၅၂၆ ဦးဖြင့် စံချိန်တင်မြင့်တက်ခဲ့ပြီး သေဆုံးသူ ၁၁၆ ဦးရှိလာခဲ့ရာ ကျန်းမာရေးတာဝန်ရှိသူတွေက ဘေးအန္တရာယ်ကြုံရတော့လုနီးပါး ဖြစ်နေပြီလို့ သတိပေးခဲ့ပါတယ်။
ပိုလန်မှာ သူနာပြုတွေကို သင်တန်းပေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး ရွက်ဖျင်တဲများဖြင့် ယာယီဆေးရုံများ တည်ဆောက်ရန်စဥ်းစားနေပါတယ်။ Reuters လေ့လာဆန်းစစ်မှုအရ လက်ရှိမှာ လက်တင်အမေရိကဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးကြုံရတဲ့ နေရာဖြစ်ပြီး စုစုပေါင်း ကူးစက်ခံရမှု ၂၇ ရာခိုင်နှုန်းကို ထိုဒေသမှာ တွေ့ရှိရပါတယ်။
(Photo: Reuters)
လက်တင်အမေရိကပြီလျှင် အာရှ၊ မြောက်အမေရိကနဲ့ ဥရောပတို့က ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနေရာများအဖြစ် အစဥ်လိုက်ရှိနေကြောင်း Reuters လေ့လာဆန်းစစ်မှုက ပြောထားပါတယ်။ အိန္ဒိယနိုင်ငံကတော့ စက်တင်ဘာလနဲ့ နှိုင်းယှဥ်ကပါက ယခုလအတွင်း ကူးစက်မှုလျော့နည်းသွားပြီး ပျမ်းမျှအားဖြင့် နေ့စဥ် ကူးစက်ခံရသူ ၆၉,၀၀၀ တိုးလာနေပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ ထုတ်ပြန်မှုအရ အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ ၅၅,၃၄၂ ဦး တိုးလာခဲ့ရာ ဩဂုတ် ၁၈ ရက်နောက်ပိုင်း နေ့အလိုက် အနည်းဆုံးဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ကူးစက်မှုအသစ် တွေ့ရှိရမှုဟာ အနည်းငယ်မြင့်တက်နေကာ ဆေးရုံတက်ရတဲ့ COVID-19 လူနာအရေအတွက်ကလည်း စက်တင်ဘာလဆန်းနောက်ပိုင်း အများဆုံးဖြစ်လာတယ်လို့ ဆိုပါတယ်။
(Photo: Reuters)
ရုရှားနိုင်ငံမှာလည်း နေ့အလိုက် ကူးစက်မှုအသစ် စံချိန်တင်မြင့်တက်ခဲ့ကြောင်းနဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အာဏာပိုင်အဖွဲ့က ဒုတိယမြောက် ကာကွယ်ဆေးတစ်ခုကို အသုံးပြုခွင့်ပေးလိုက်ကြောင်း သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ဟာ လက်ရှိအချိန်အထိ ၁၀ လအတွင်း ကမ္ဘာ့လူဦးရေ ၃၉.၈ သန်းကျော်ကို ကူးစက်သွားခဲပြီး သေဆုံးသူ ၁.၁ သန်းကျော်နဲ့ ပြန်လည်သက်သာသူ ၂၉.၈ သန်းကျော်ရှိခဲ့ပါတယ်။