ဦးနှောက်နဲ့အာရုံကြောထိခိုက်မှုကြောင့် ကွယ်လွန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံတော်သမ္မတဦးဝင်မြင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် တာမွေမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာမှာ တစညပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦး အောက်တိုဘာလ ၁၇ ရက် ညနေပိုင်းက ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ်လောင်းက အသက်(၇၀)အရွယ် ဦးအေးသိန်းဖြစ်ပြီး ဦးနှောက်နဲ့အာရုံကြောထိခိုက်မှုကြောင့် ကွယ်လွန်သွားတာဖြစ်တယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက သိရပါတယ်။



"ဦးအေးသိန်းပေါ့နော် ။ မနေ့က ညနေ ၄နာရီပတ်ဝန်းကျင်လောက်က ဆုံးတယ်လို့ သိရပါတယ်။ ပထမချော်လဲတယ်ပြောတယ် ။ ပြီးတော့ ဦးနှောက်နဲ့အာရုံကြောအတွက် အာယုဆေးရုံတင်တယ် ။ ပြီးတော့ ရန်ကုန်ဆေးရုံကြီးတင်တယ်လို့ သိရပါတယ်။အဲဒီလိုတော့ သိရပါတယ် ။ ပါတီကတော့ ဗဟိုကော်မတီဝင်ဖြစ်ဖြစ် ဝန်ထမ်းဖြစ်ဖြစ်ဆုံးတယ်ဆို ဌာနချုပ်က ပြန်တမ်းထုတ်ရပါတယ်။နောက်ပြီး ဌာနချုပ်ရဲ့ ကူညီထောက်ပံ့ငွေပေးမယ်။မိသားစုနဲ့ထပ်တူဝမ်းနည်းပါတယ် ။ ပါတီအတွက်လည်း ကိုယ်စားလှယ်လောင်းတစ်ဦးဆုံးရှုံးရတဲ့အတွက် အများကြီးနစ်နာဆုံးရှုံးသွားတဲ့ သဘောပါ " လို့ တစညပါတီ ဗဟိုအလုပ်မှုဆောင် ဦးတင်အောင်က Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ ကိုယ်စားလှယ်လောင်းဆုံးပါးသွားမှုအတွက် သက်ဆိုင်ရာကော်မရှင်အဆင့်ဆင့်ကို တင်ပြသွားမှာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။

" အခုအဲဒါကို အစီရင်ခံစာရေးနေတယ် ။ ဒီလိုဆုံးပါးသွားတဲ့အကြောင်း ။ ဥက္ကဌ နဲ့ သက်ဆိုင်ရာခရိုင်အဆင့်ကိုတော့ ဆက်တင်ဖို့လုပ်နေပါတယ်။ သီးခြားညွှန်ကြားချက်တော့ မလာသေးဘူး ။ တင်ဖို့လုပ်နေတုန်းဆိုတော့လေ ။ အထက်က ညွှန်ကြားတဲ့အတိုင်းဆောင်ရွက်ရမှာဖြစ်ပါတယ် " လို့ တာမွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးပြည့်ဖြိုးထွန်းက Duwun ကို ပြောပါတယ်။

ကွယ်လွန်သူ လွှတ်တော်ကိုယ်စားလှယ်လောင်းက ၂၀၁၀ ရွေးကောက်ပွဲမှာလည်း တစညပါတီကိုယ်စားပြု တာမွေမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အရွေးချယ်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ တာမွေမြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က