ရောဂါအခံကြောင့် ကွယ်လွန်တာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။

ပြည်သူ့ပါတီရဲ့ မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၁)ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်မင်းက အောက်တိုဘာလ ၁၇ရက် ညပိုင်းက ကွယ်လွန်သွားတယ်လို့ ပါတီတာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကွယ်လွန်သူက ညောင်ဦးမြို့နယ် ပြည်သူ့ပါတီရဲ့ ဥက္ကဌလည်းဖြစ်ကာ အသက်(၄၈)နှစ်အရွယ်ဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အတည်ပြုပြီးချိန်ကစလို့ ဆေးကုသမှုခံယူနေသူဖြစ်တယ်လို့ သိရပါတယ်။



"မနေ့ည ကိုးနာရီလောက်မှာ သူ့အိမ်မှာပဲ ဆုံးတယ် ။ ၉၆ပါးရောဂါပေါ့ဗျာ ။ နဂိုကတည်းက ရောဂါအခံရှိနေပေမယ့် သူလည်း သူ့ကိုယ်သူ ကျန်းမာတယ်ပဲထင်လို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တာပေါ့နော် ။ သူသေဆုံးချိန်ထိလည်း သူ့ရောဂါနဲ့ပတ်သတ်ပြီး သိမသွားပါဘူး ။ ကိုယ်စားလှယ်လောင်းအတည်ပြုပြီးချိန်မှပဲ ဆေးကုသမှုဖြစ်လာတာပေါ့နော် ။ ပြင်ပဆေးရုံမှာပဲ ဆေးရုံတက်လိုက် ကုသမှုလုပ်လိုက်ပေါ့ ။ အခုတော့ ပြင်ပကိုဗစ်ရောဂါတွေပျံ့နှံ့မှုအနေအထားအရ သူလည်း ဆေးရုံတက်ဖို့ အဆင်မပြေတော့ အိမ်မှာပဲ သူ့ရောဂါကို ဆေးသောက်ပြီး နေနေရတဲ့အနေအထားကနေ ဖြစ်သွားတာပေါ့ " လို့ မန္တလေးတိုင်း ၊ ပြည်သူ့ပါတီဥက္ကဌ ဦးကျော်ကျော်စိုးက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ပြည်သူ့ပါတီ

လက်ရှိအချိန်မှာတော့ ပါတီအနေနဲ့ မိသားစုကို ကူညီဖို့ ဆောင်ရွက်နေကြသလို ကိုယ်စားလှယ်လောင်းဆုံးပါးသွားတာဖြစ်တဲ့အတွက် မဲလက်မှတ်တွေက ကွယ်လွန်သူရဲ့ နေရာကို ကော်မရှင်က စီမံနိုင်ဖို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

" မဲမပေးခင်မှာဆုံးပါးသွားတဲ့အတွက် ကိုယ်စားလှယ်လောင်းပြိုင်မယ့်နယ်မြေထဲမှာ သူ့ရဲ့နေရာက မဲလက်မှတ်တွေက ရိုက်ပြီးသားတွေ ဖြစ်နေပြီလေ။ နှင်းဆီပါတီကတော့ ပါတီကို ဖျက်လိုက်တဲ့အတွက် ကိုယ်စားလှယ်လောင်းနေရာကို မှင်နဲ့ခြစ်တာလား အဲဒီလို လုပ်မလားမသိဘူး။ အခုလည်း သေပြီးသား လူတစ်ယောက်ကို မဲမပေးမိအောင် ၊ မဲမဆုံးရှုံးအောင် စီမံဖို့ ကော်မရှင်က ဆောင်ရွက်နိုင်ဖို့ ချက်ချင်းအကြောင်းကြားထားပါတယ် " လို့ မန္တလေးတိုင်း ၊ ပြည်သူ့ပါတီဥက္ကဌ ဦးကျော်ကျော်စိုးက Duwun ကို ပြောပါတယ်။

လက်ရှိအနေအထားအရ မန္တလေတိုင်းဒေသကြီးလွှတ်တော်အတွက် ညောင်ဦးမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၁)ကနေ ဝင်ရောက် ယှဉ်ပြိုင်ရမယ့် နိုင်ငံရေးပါတီတွေက အမျိုးသားတိုးတက်ရေးပါတီ ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြပြီး တစ်သီးပုဂလကိုယ်စားလှယ်လောင်းတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်းဒေသကြီး ၊ တာမွေမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးလည်း အောက်တိုဘာလ ၁၇ညက ကွယ်လွန်တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က