လာမယ့် နိုဝင်ဘာလ (၈)ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီထဲမှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစု ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲမကျင်းပနိုင်လို့ မဲပေးခွင့်မရနိုင်တဲ့ ပြည်သူတွေအတွက်ကတော့ နစ်နာမှုတွေများစွာရှိတယ်လို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ နစ်နာမှု အများကြီးရှိတာပေါ့။ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်က အထွေထွေရွေးကောက်ပွဲအနေနဲ့သွားနေတာဆို ဒါက တတိယအကြိမ်ပေါ့။ ၂၀၁၀၊၂၀၁၅နဲ့ အခု ၂၀၂၀ တတိယအကြိမ်ပေါ့။ ပြည်သူတွေအနေနဲ့ကလည်း (၅)နှစ်မှသာ တစ်ကြိမ် သူတို့ကိုယ်စားအရေးဆိုနိုင်မယ့်ပုဂ္ဂိုလ်တွေကို ရွေးချယ်ပေးရတာပါ။ အခုလိုမကျင်းပနိုင်ဘူးဆိုတော့ ပြည်သူတွေမှာ သူတို့ရဲ့ ကိုယ်စားပြောပေးဆိုပေး လုပ်ပေးနိုင်မယ့်သူတွေကို ရွေးချယ်ခွင့်မရှိတော့ဘူး”လို့စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်း ဦးမျိုးကျော်က Duwun ကိုပြောပါတယ်။
ရခိုင်ပြည်နယ်အနေနဲ့ ရွေးကောက်ပွဲမကျင်းပနိုင်က လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွအခြေအနေကြောင့်ပဲ ဖြစ်မှာပါလို့လည်း ဦးမျိုးကျော်က သုံးသပ်ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာက မြို့နယ် (၁၇)မြို့နယ်ရှိပြီး (၉)မြို့နယ်က ရွေးကောက်ပွဲလုံးဝကျင်းပခွင့်မရရှိဘဲ ကျန်မြို့နယ်တွေက မြို့ပေါ်နေရာတွေမှာတော့ ကျင်းပခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ ကျင်းပခွင့်မရတဲ့ တိုင်းနဲ့ပြည်နယ်တွေအဖြစ် ကချင်၊ကရင်၊ပဲခူး၊မွန် ၊ ရခိုင် နဲ့ ရှမ်းပြည်နယ်က မြို့နယ်တချို့နဲ့ ကျေးရွာအုပ်စုတွေပါဝင်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ကချင်ပြည်နယ်က ကျေးရွာအုပ်စု (၁၉၂)စု ၊ ကရင်ပြည်နယ်က (၅၂)စု ၊ ပဲခူးတိုင်းဒေသကြီးအတွင်းက (၄၂)စု ၊ မွန်ပြည်နယ်က ကျေးရွာအုပ်စု (၁)စု ၊ ရခိုင်ပြည်နယ်မှာတော့ တစ်မြို့နယ်လုံးအဖြစ် (၉)မြို့နယ် ၊ ကျေးရွာအုပ်စု (၁၃၇)စု ၊ ရပ်ကွက် (၁၅)ခုတို့ပါဝင်ပြီး ရှမ်းပြည်နယ်မှာတော့ တစ်မြို့နယ်လုံးအဖြစ် (၆)မြို့နယ် ၊ ကျေးရွာအုပ်စု (၁၂၇)စု ၊ ရပ်ကွက် (၈)ခု ပါဝင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။
ထုတ်ပြန်ထားတဲ့စာရင်းအရ ရခိုင်ပြည်နယ်က အများဆုံးပါဝင်နေခဲ့တာပါ။