ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)က ၎င်းတို့ဝင်ရောက်ယှဉ်ပြိုင်မယ့် ကချင်ပြည်နယ်က မြို့နယ်အသီးသီးမှာ အာဏာရပါတီ အပါအဝင် ပါတီကြီးနှစ်ခုက အဓိက တိုက်ခိုက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီကို နာမည်ဖျက် လိမ်ညာပြီး မဲဆွယ်နေတဲ့ကိစ္စရပ်တွေကို ပြိုင်ဘက်ပါတီတွေက ပြုလုပ်နေကြတဲ့အတွက် ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး အခြေအနေလွန်လာရင်တော့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားမယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ နော်ခုန့်@ဂျန်ခုန့်က ပြောကြားလိုက်တာပါ။
" အခု ဒီဘက်မှာ စောင့်ကြည့်နေတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ကို စစ်တပ်နဲ့ပေါင်းတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ နိုင်ငံရေးဗျူဟာ တစ်ခုလိုမျိုး သူတို့သုံးနေတာ တွေ့တယ်။စစ်တပ်ရဲ့ အစေအပါးပါဆိုတာမျိုးတွေ KSPP က စစ်ဖိနပ်အောက် ခေါ်သွင်းနေတာဆိုတဲ့ မဟုတ်မမှန် လိမ်ညာပြီးမဲဆွယ်နေတာ တွေ့ရတယ်။ ဒါတွေလည်း တအားများလာရင် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားမှာပါ။ တနိုင်းမှာဆို ခရစ်ယာန်အဖွဲ့အစည်းနှစ်ဖက်ကို တစ်ဖက်ကို တစ်မျိုးဆီ ကျွန်တော်တို့အကြောင်းပြောတာပေါ့။အဲဒါကျ ကြံ့ခိုင်ရေးတွေ ။ ကျွန်တော်တို့က ဘက်စုံကို အတိုက်အခိုက်ခံနေရတယ်။မိုးကောင်းဘက်ဆို ဒေသတွင်းပါတီငယ်တစ်ခုက ၂၀၀၈ အခြေခံဥပဒေကို ဆွဲခဲ့တဲ့ပါတဲ့ ပါတီဖြစ်တယ်ဆိုတာမျိုးတွေ ၊ ပါတီဥက္ကဌထဲက တစ်ယောက်က ကြံ့ခိုင်ရေးကဆိုတာမျိုးတွေ ၊ ပါတီဥက္ကဌနောက်တစ်ယောက်က (၈)ပြည်နယ်မူကို လက်မခံဘူးဆိုတာမျိုးတွေ ၊ သူများဆီက ငွေလိမ်တယ်တွေရော မဟုတ်မမှန် ဝါဒဖြန့်နေတယ်။ကချင်ပြည်နယ်မှာကတော့ KSPPကတော့ အထိုးနှက်ခံရဆုံးပဲ။ NLD ထက်ကို အထိုးနှက်ခံရဆုံးပါပဲ " လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြောရေးဆိုခွင့်ရှိသူ နော်ခုန့်@ဂျန်ခုန့်က Duwun ကို ပြောပါတယ်။
Photo-Kachin State People's Party
ဒီလို မဟုတ်မမှန်ပြောဆိုမှုတွေထဲမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD ပါတီနဲ့သက်ဆိုင်သူတွေရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ပူတာအို နဲ့ မချမ်းဘောမြို့နယ်မှာ တိုင်ကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်တွေဆီကို အထက်ပါကိစ္စရပ်တွေကို တိုင်ကြားခဲ့တဲ့အတွက် ကချင်ပြည်နယ်ပြည်သူ့ပါတီ ကို NLD ပါတီ ဘက်က သက်ဆိုင်သူတွေ တောင်းပန်ခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
" NLD ဘက်ကလူတွေ ကျွန်တော်တို့ကို ပူတာအိုဘက်မှာ တောင်းပန်ရတာရှိတယ်။ကျွန်တော်တို့ကို KIAကနေမှ ထောင်ထားတဲ့ ပါတီဆိုပြီးတော့ ပြောလို့ UECကို တိုင်တန်းတဲ့အတွက် သူတို့ပြန်တောင်းပန်ရတယ်။နောက်ပြီး မချမ်းဘောမှာကျ NLDဘက်က KSPPတည်ထောင်တာကို KIA ကနေမှ အသိအမှတ်မပြုပါဘူး။ KIA က အသိအမှတ်ပြုတာက NLD ပါပဲဆိုတဲ့ပုံစံနဲ့ သူတို့မဲဆွယ်တာ အဲဒါကိုလည်း ရွေးကော်ကိုတိုင်တန်းတဲ့အချိန်မှာ သူတို့တွေ တရားဝင်တောင်းပန်ရတာရှိတယ် " လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြောရေးဆိုခွင့်ရှိသူ နော်ခုန့်@ဂျန်ခုန့်က Duwun ကို ပြောပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီက ကချင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ၁၈ဦး ၊ အမျိုးသားလွှတ်တော် ၁၂ဦး ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၃၅ဦး ၊ ဗမာ နှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ၂ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။