ထိုင်းအစိုးရက ထုတ်ပြန်ထားတဲ့ အရေးပေါ်အမိန့်ဒီကရီကို ဖီဆန်ကာ ဘန်ကောက်မြို့ လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေ ယနေ့ (အောက်တိုဘာ ၁၈ ရက်) ပြန်လည်စုရုံးလာခဲ့ကြပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရနုတ်ထွက်ရေး ငါးရက်မြောက်နေ့အဖြစ် ဆက်လက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
(Photo: @SAHINOP/Twitter)
အရေးပေါ်အမိန့်ဒီကရီဖြင့် လူစုလူဝေးမလုပ်ရန် တားမြစ်ထားပေမဲ့ ဆန္ဒပြသူတွေက ယနေ့ ညနေ ၄ နာရီအချိန် ဘန်ကောက်မြို့တော်ရှိ Victory Monument ၊ Asoke နဲ့ Tha Phra MRT ဘူတာရုံတို့မှာ စုရုံးလာခဲ့ကြပါတယ်။ ဆန္ဒပြပွဲ စီစဥ်သူတွေက BTS Skytrain ဘူတာရုံမှာ မွန်းလွဲ ၃ နာရီအချိန် အသင့်ရှိနေကြရန် ယနေ့ မနက်ပိုင်းမှာ နှိုးဆော်ခဲ့ကြပြီး အာဏာပိုင်တွေရဲ့ တားဆီးပိတ်ဆို့မှုကို ရှောင်ရှားနိုင်ရန် စုရပ်နေရာတွေကို မပြောခဲ့ကြဘူးလို့ ဆိုပါတယ်။
မွန်းလွဲ ၂ နာရီခွဲခန့်မှာတော့ အာဏာပိုင်တွေက BTS Skytrain နဲ့ MRT မြေအောက်ရထား ဘူတာရုံအချို့ကို ပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။ ထို့အတူ အဆောက်အအုံတွေနဲ့ ဘူတာရုံတွေကြား ဆက်သွယ်ထားတဲ့ လျှောက်လမ်းတွေကိုလည်း ပိတ်ထားခဲ့ပါတယ်။ ညနေ ၄ နာရီဝန်းကျင်မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက မိုးရွာထဲမှာပင် Victory Monument ကျောက်တိုင်နေရာသို့ လာရောက်စုံရုံးခဲ့ကြကြောင်း CNA သတင်းက ပြောပါတယ်။
(Photo: MediaCorp/CNA)
ထိုနေရာအနီးတစ်ဝိုက်မှာ ဆန္ဒပြပွဲကို လူအများအပြား ပိုမိုပါဝင်လာခဲ့ကြပြီး ယာဥ်အသွားအလာ နှောင့်နှေးကြန့်ကြာခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေက ဘုရင်စနစ်ပြုပြင်ပြောင်းလဲရန်၊ ဝန်ကြီးချုပ်ပရာယွတ် နုတ်ထွက်ရန် သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။ ၎င်းတို့က Victory Monument အနီးတစ်ဝိုက် အတားအဆီးများ ချထားရန်ပြင်ဆင်တဲ့ ရဲတပ်ဖွဲ့ဝင်ကို ဟန့်တားရန်ကြိုးပမ်းခဲ့ကြပါတယ်။
ထိုင်းနိုင်ငံတစ်ဝန်းမှ လူငယ်အုပ်စုများက ပူးပေါင်းစီစဥ်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို လုပ်ဆောင်နေခဲ့ကြတာ လနဲ့ချီကြာပြီဖြစ်ပြီး လတ်တလော ရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့က ဆန္ဒပြခေါင်းဆောင် အများစုကို ဖမ်းဆီးခဲ့ရာ ဆန္ဒပြမှုတွေဟာ ဦးဆောင်သူမရှိတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရက ဘန်ကောက်မြို့ကို ကြာသပတေးနေ့ (အောက်တိုဘာ ၁၅ ရက်) မနက် ၄ နာရီမှစပြီး အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ခဲ့ကာ လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုတဲ့ စုရုံးမှုတွေနဲ့ ဆူပူအုံကြွမှုဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို တားမြစ်ထားခဲ့ပေမဲ့ ဆန္ဒပြသူတွေက ဖီဆန်ခဲ့ကြပါတယ်။
အရေးပေါ်အမိန့်ဒီကရီ ထုတ်ပြန်ပြီးနောက် မကြာမီမှာပင် အစိုးရအိမ်တော်ရှေ့ လမ်းမပေါ်ရှိ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။ ထိုသို့ ဖယ်ရှားရှင်းလင်းခဲ့စဥ် အဓိကကျတဲ့ ဆန္ဒပြခေါင်းဆောင်တွေ အပါအဝင် လူ ၂၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၁၄ ရက်နေ့မှစပြီး ယနေ့အထိ ငါးရက်ဆက်တိုက် ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက စစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ရာထူးမှနုတ်ထွက်ရန်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲရန် တောင်းဆိုနေခဲ့ကြပါတယ်။ ဒါ့အပြင် ထိုင်းမှာ ဩဇာကြီးမားတဲ့ မဟာဗာဂျီယာလောင်ကွန်းရဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန်လည်း ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
.