(၅)နှစ်အရွယ်ကလေး တစ်ဦးပျောက်ဆုံးနေတာပါ။

ဒီကနေ့ အောက်တိုဘာလ (၁၈)ရက်နေ့ မနက်ပိုင်းက မူဆယ်မြို့နယ်အတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က မဲဆွယ်စည်းရုံးရေးယာဉ်တန်းမှာ လိုက်ပါလာတဲ့ ယာဉ်တစ်စီးဟာ ရွှေလီမြစ်ထဲကို ပြုတ်ကျမှုဖြစ်ပွားခဲ့ပါတယ်။

photo - Myanmar Fire Services Department

ဖြစ်စဉ်အတွင်းမှာတော့ ကားထဲပါသွားတဲ့သူတွေထဲက ပျောက်ဆုံးနေသူ (၄)ဦးရှိကာ (၃)ဦးရဲ့ အလောင်းကို ဒီနေ့ နေ့လယ်ပိုင်းက တွေ့ရှိခဲ့ပြီး (၅)နှစ်အရွယ်ကလေးတစ်ဦးကိုတော့ ယခုထိရှာဖွေနေဆဲဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ အမျိုးသမီး (၃)ဦးသေဆုံးကာ ပျောက်ဆုံးနေတဲ့ (၅)နှစ်အရွယ်ကလေးကလည်း သေဆုံးပြီးဖြစ်နိုင်ပြီး အလောင်းရှာဖွေနေဆဲဖြစ်တယ်လို့ မူဆယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၂)မှ ဦးစိုင်းမြင့်လွင်က Duwun ကိုပြောပါတယ်။

“ ကားထဲမှာ အားလုံး (၇) ယောက်ပါတယ်။ ရှေ့ခန်းက နှစ်ယောက်နဲ့ နောက်ခန်းက ကလေးအပါအဝင် ၅ယောက်ပေါ့။ ကားမြစ်ထဲထိုးကျပြီးမကြာဘူး (၃)ယောက်က ကမ်းပေါ်ပြန်တက်လာနိုင်တယ်။ ရှေ့ခန်းကနှစ်ယောက်နဲ့ နောက်ခန်းမှာ ထိုင်တဲ့ ကလေးအမေပါ။ ကလေးအမေကခုဆေးရုံမှာပါ အသက်ရှင်တယ်။ သေဆုံးသူ(၃)ဦးရဲ့ အလောင်းကိုလည်း မနက်ဖြန်သင်္ဂြိုလ်ပါမယ်။ ကလေးရဲ့အလောင်းကတော့ အခုထိမတွေ့သေးဘူး”လို့ ဦးစိုင်းမြင့်လွင်က ပြောပါတယ်။

photo - Myanmar Fire Services Department

ဒီကနေ့မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အနေနဲ့ မူဆယ်မြို့နယ်ကနေ မန့်ဟီးရိုးမြို့ကို မဲဆွယ်စည်းရုံးရေးဆင်းခဲ့ကြတာဖြစ်ပါတယ်။

မန့်ဟီးရိုးမြို့ကို သွားဖို့အတွက် ကားတွေပါ ဇာတ်နဲ့ ကူးရတာဖြစ်ပြီး မြစ်ထဲထိုးကျခဲ့တဲ့ကားက ဇာတ်သင်္ဘောက ကမ်းမကပ်ခင်မှာ သင်္ဘောပေါ်ကို တက်ဖို့အတွက် အချိန်လွန်ပြီးမြစ်ထဲကျသွားတာဖြစ်တယ်လို့ သိရပါတယ်။

မြစ်ထဲထိုးကျသွားတဲ့ကားက Honda Fit အမဲရောင်ဖြစ်ပြီး နေ့လယ် ၂နာရီဝန်းကျင်လောက်မှာ ကားကိုရှာတွေ့ခဲ့ကာ ကားထဲမှာပဲ သေဆုံးသူအမျိုးသမီး (၃)ဦးရဲ့ အလောင်းကိုပါတွေ့ရှိခဲ့တာပါ။

ကလေးငယ်ရဲ့ အလောင်းကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ယနေ့ညပိုင််းအထိမတွေ့ရှိသေးပါဘူး။

Share

Loading Next Article...
က္က