COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၁ သန်းကျော် သေဆုံးခဲ့ပြီး သန်း ၃၀ ကျော် ပြန်သက်သာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ အောက်တိုဘာ ၁၈ ရက်နေ့မှာ သန်း ၄၀ ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

(Image: Worldometers webpage screengrab)

၂၀၁၉ နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၁၀ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၄၀ ကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၁ သန်းကျော် (၁,၁၁၆,၉၁၉ ဦး) သေဆုံးခဲ့ပြီး သန်း ၃၀ ကျော် ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် ညသန်းခေါင်မှာ ၃၉ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၃ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ၁,၁၀၀,၄၆၄ ဦးမှ ၃ ရက်အတွင်း ၁၆,၄၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: AFP)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ သန်း ၄၀ ကျော်အနက် ၉ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၈.၃ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၂၄,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ နေ့စဥ် သောင်းဂဏန်း တိုးလာနေဆဲဖြစ်ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၇.၅ သန်းကျော်လွန်လာပြီး သေဆုံးသူဦးရေ ၁၁၄,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ အိန္ဒိယမှာ အောက်တိုဘာ ၁၈ ရက်နေ့ ထုတ်ပြန်မှုအရ ကူးစက်ခံရသူ နောက်ထပ် ၆၁,၈၇၁ ဦးနဲ့ သေဆုံးသူ ၁,၀၃၃ ဦး တိုးလာခဲ့ပါတယ်။

(Photo: Reuters)

တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၅.၂ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူကလည်း ၁၅၃,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ ထိုအတောအတွင်း ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ နယ်သာလန်၊ ရုရှား၊ ချက်ရီပတ်ဘလစ်၊ အိုင်ယာလန် အပါအဝင် ဥရောပဒေသမှာ COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။

ဗြိတိန်မှာ ကူးစက်မှုထိန်းချုပ်ကာကွယ်ရေး ပိတ်ပင်ကန့်သတ်မှုအသစ်များ ထုတ်ပြန်ထားသလို ပြင်သစ်မှာလည်း ပါရီမြို့အပါအဝင် မြို့ကြီး ၉ မြို့ကို ညမထွက်ရအမိန့် ထုတ်ထားခဲ့ပါတယ်။ ထို့အတူ စပိန်၊ ချက်ရီပတ်ဘစ်၊ အိုင်ယာလန်၊ ပိုလန် အစရှိတဲ့ ဥရောပနိုင်ငံတွမှာ ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်ထားပြီး COVID-19 ကူးစက်မှု ထိန်းချုပ်ကာကွယ်ရေး လုပ်ဆောင်နေပါတယ်။

(Photo: AP)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဥရောပမှာ နေ့စဥ် COVID-19 ကူးစက်ခံရသူ ပျမ်းမျှ ၁၄၀,၀၀၀ တိုးလာနေခဲ့ပါတယ်။ ဒေသတစ်ခုအနေနဲ့ ဥရောပမှာ နေ့အလိုက် ကူးစက်မှုအသစ်တွေ့ရှိရမှုဟာ အိန္ဒိယ၊ ဘရာဇီးနဲ့ အမေရိကန် သုံးနိုင်ငံပေါင်းထက် ပိုများနေခဲ့ပါတယ်။ လတ်တလောမှာ ကမ္ဘာတစ်ဝန်း ကူးစက်မှုအသစ် ၁၀၀ မှာ ဥရောပနိုင်ငံတွေမှ ၃၄ ဦးပါဝင်နေကြောင်း Reuters သတင်းဌာန လေ့လာဆန်းစစ်မှုက ဆိုပါတယ်။

ဥရောပမှာ ကိုးရက်ခန့်အတွင်း COVID-19 ကူးစက်မှုအသစ် တစ်သန်း တွေ့ရှိနေခဲ့ရပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်အထိ ဒေသတွင်း ကူးစက်ခံရသူ ၆.၃ သန်းကျော်ရှိပြီ ဖြစ်ပါတယ်။ အဓိက ဥရောပနိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ နယ်သာလန်နဲ့ စပိန်တို့မှာတွေ့ရတဲ့ ကူးစက်မှုအသစ် စုစုပေါင်းအရေအတွက်ဟာ အောက်တိုဘာ ၁၈ ရက်အထိ တစ်ပတ်အတွင်း ဥရောပမှာတွေ့ရတဲ့ ကူးစက်မှုအသစ်အားလုံးရဲ့ တစ်ဝက်ခန့်ရှိနေပါတယ်။

(Photo: Reuters)

အောက်တိုဘာ ၁၇ ရက်နေ့ စာရင်းတွေအရ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၄၀၀,၀၀၀ ကျော် တိုးလာခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်အထိ နေ့အလိုက် ကူးစက်မှုအများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ လက်တင်အမေရိကပြီလျှင် အာရှ၊ မြောက်အမေရိကနဲ့ ဥရောပတို့က ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနေရာများအဖြစ် အစဥ်လိုက်ရှိနေကြောင်း Reuters လေ့လာဆန်းစစ်မှုက ပြောထားပါတယ်။

ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။

(Photo: Reuters)

လတ်တလော သီတင်းပတ်များအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ မြန်မာနိုင်ငံတို့မှာ COVID-19 ကူးစက်မှုတွေ နေ့စဥ် အများအပြား တိုးလာနေဆဲဖြစ်ပြီး ယခုအခါ အင်ဒိုနီးရှားက အရှေ့တောင်အာရှဒေသတွင်း ဖိလစ်ပိုင်ကိုကျော်လွန်ပြီး ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာပါတယ်။ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားဟာ COVID-19 ကြောင့် သေဆုံးမှုအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။

ထိုအတောအတွင်း ထိုင်းနိုင်ငံမှာ တစ်လကျော်အတွင်း ပထမဆုံးအကြိမ် ပြည်တွင်းကူးစက်မှုများ ပြန်တွေ့လာရပြီး မြန်မာနဲ့နယ်စပ်မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရပါတယ်။ ထိုင်းမှာ အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက် နှစ်ရက်အတွင်း ပြည်တွင်းကူးစက်မှုငါးခု တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ပြီး ယခုအခါ အရှေ့တောင်အာရှဒေသတွင်း စတုတ္တမြောက် ကူးစက်မှုအများဆုံးနဲ့ တတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၁၈ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁,၁၅၀ ဦးနဲ့ သေဆုံးသူ ၄၂ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၃၆,၀၂၅ ဦး၊ သေဆုံးသူ ၈၈၀ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၇,၀၇၆ ဦးနဲ့ ကုသနေရဆဲ ၁၈,၀၆၉ ဦး ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က