ရွေးကောက်ပွဲ နေ့မှာ ဆန္ဒမဲပေးသူတွေကို အပူချိန်တိုင်းတာတွေလုပ်ဆောင်ပေးးမယ့်အပြင် ၊ သတ်မှတ် အပူချိန်ထက်မြင့်တက်သူ တွေ့ခဲ့ပါက ဆေးရုံကို ချက်ခြင်းပို့ဆောင်နိုင်ဖို့ စီစဉ်သွားမှာဖြစ်တယ်လို့ ပဲခူးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ကသိရပါတယ်။
ဒါ့အပြင် ဆန္ဒမဲ လာရောက်ပေးကြမယ့် မဲဆန္ဒရှင်တွေအတွက် မဲရုံအဝင်မှာ ဟန်းဂျယ်လ် ချထားပေးမှာဖြစ်သလို နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူတွေကိုပါ နှာခေါင်းစည်း (Mask) တွေ အခမဲ့ ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
" မဲပေးတဲ့နေ့မှာ အပူချိန်တိုင်းမယ် ၊ အပြင်မှာ Mask မပါရင် Mask ဝေမယ်၊ ဟန်းဂျယ်လ်တွေလည်း တခါတည်းချထားမယ်။ တကယ်လို့ သတ်မှတ်တာထက် ကိုယ်အပူချိန်မြင့်တက်တာရှိရင် တာဝန်ရှိသူတွေကို သတင်းပို့မယ်၊ လူမှူကူညီရေးအသင်းတွေနဲ့ ချိတ်ဆက်ပြီး ချက်ခြင်း ဆေးရုံပို့မှာပါ။ လောလောဆယ် အသက် ၆၀ နှစ်အထက်ကြိုတင်မဲပေးမယ့်သူကတော့ ရပြီ။ ကျန်တာတွေကမရသေးဘူး၊ လုံခြံုရေးအဖွဲ့တွေ၊ အစိုးရအဖွဲ့ ဝင်တွေ ၊ မဲရုံဝန်ထမ်းရှိမယ် ၊ နောက်ပြီး Quarantine ဝင်နေသူတွေ ရှိမယ်။ သူတိူ့က အတိကျမရသေးဘူး"လို့ ပဲခူးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းသက်နောင်က ပြောပါတယ်။
လက်ရှိစာရင်းတွေအရတော့ ပဲခူးခရိုင်အတွင်းမှာ ကြိုတင်မဲပေးနိုင်တဲ့ အသက် ၆၀ နှစ်အထက် မဲဆန္ဒ ရှင်ပေါင်း ၁၇၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ကွာရန်တင်းဝင်အရေအတွက်ပေါင်းက ၂၀၀ ကျော်ရှိကြောင်း ၊ ကွာရန်တင်းဝင်နေသူတွေကို ကြိုတင်မဲကောက်ခံရာမှာ ရွေးကောက်ပွဲနေ့ နိုဝင်ဘာလ ၈ ရက်နေ့ နောက်ပိုင်းမှ ကွာရန်တင်းရက်ပြည့်ပြီး ထွက်နိုင်မယ့် သူတွေကိုသာ စင်တာကိုသွားရောက်ကာ ကြိုတင်ဆန္ဒမဲ ရယူမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကွာရန်တင်း စင်တာတွေမှာ နေထိုင်နေရသူတွေ ကြိုတင်မဲပေးနိုင်ဖို့ သက်ဆိုင်ရာ မြို့နယ်အလိုက်တာဝန်ရှိသူတွေက ဆောင်ရွက်နေပြီဖြစ်တယ်လို့သိရပါတယ်။ ကြိုတင်ဆန္ဒမဲကို အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ရယူမှာဖြစ်ပါတယ်။
ပဲခူးခရိုင်မှာ ဆန္ဒမဲ ပေးခွင့်ရှိသူပေါင်း ၁၅ သိန်းဝန်းကျင်ရှိ တယ်လို့သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။