ကရင်ပြည်နယ်၊ မြဝတီမြို့ မှာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ( K. N. D. P )က မဲဆွယ်အင်အားပြ လှည့်လည်မှုကို ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ မဲဆွယ်အင်းအားပြလှည့်လည်ပွဲကို မြဝတီမြို့က ပါတီဝန်းရံသူ၊ ပါတီထောက်ခံသူတွေပါ စုပေါင်းပါဝင်ခဲ့တာကြောင့် လူအင်အားဟာ သောင်းဂဏန်းကျော်အထိ ရှိသွားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Win Zaw
“ပါတီကတော့ဥပဒေနဲ့အညီလုပ်တယ်။ လူ ၃၀ ပဲ လှည့်လည်တယ်၊ကော်မရှင်ရဲ့ထုတ်ပြန်ချက်အတိုင်း စည်းကမ်းနဲ့လုပ်တယ်။ ဒါပေမယ့် ပါတီကိုထောက်ခံသူတွေ ဝန်းရံသူတွေက သူ့အစုအဖွဲ့နဲ့ သူဟာသူ ရောက်လာတဲ့အခါကျတော့ လူကများသွားတာဖြစ်တယ်။ ဒီတော့ လမ်းကြောင်းမှာအခက်အခဲမဖြစ်အောင် အဆင်ပြေအောင် ကျွန်တော််တို့က စုပေါင်း ညှိနှိုင်းသွားလိုက်တာဖြစ်တယ်။ ကျွန်တော်တို့ သတင်းတက်လာတာတော့ မြဝတီမှာ ၁၀၀၀၀ ကျော်လောက်ရှိသွားတယ်သိရတယ်။”လို့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှတွဲဖက်အတွင်းရေးမှူး ၁ ဦးစောချစ်သန်းက ပြောပါတယ်။
ပါတီ ဝန်းရံသူတွေနဲ့ ထောက်ခံသူတွေဟာ မြဝတီမြို့အတွင်း ဆိုင်ကယ်၊ ကား ယာဉ်တန်းတွေနဲ့လှည့်လည်ခဲ့တာဖြစ်ပြီး ပါတီအင်္ကျီဝတ်ဆင်ထားသူတွေလည်းရှိပါတယ်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်က မြို့နယ် ၆ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း အရေအတွက် ၃၀ ဝင်အရွေးခံမှာဖြစ်တယ်လို့သိရပါတယ်။ ရွေးကောက်ပွဲမှာ K. N. D. P ပါတီအနေနဲ့ ထက်ဝက်ကျော်အောင်မြင်မှုရနိုင်ဖို့လည်း မျှော်လင့်ထားတယ်လို့ဆိုပါတယ်။
လက်ရှိမှာ K. N. D. P ပါတီဝင် သောင်းဂဏန်းကျော်ရှိနေပြီး လာမယ့် ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲမှာတော့ ကရင်ပြည်နယ်အပြင် ကျန်နေရာတွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိတယ်လို့သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။