ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ပါတီတည်ထောင်ခြင်းတစ်နှစ်ပြည့်နေ့မှာ ပါတီဝင်တွေ၊ ပါတီအမှုဆောင်တွေ ၊ ကိုယ်စားလှယ်တွေအနေနဲ့ အလှူအတန်း လုပ်ပြီး ဖြတ်သန်းကြဖို့ ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းလိုက်ပါတယ်။
ပါတီအနေနဲ့ စုပေါင်းလှူဒါန်းမှုပြုလုပ်သွားမှာဖြစ်သလို တစ်ဦးချင်းအနေနဲ့လည်း ကိုယ့်မွေးနေ့မှာ ကောင်းမှုလုပ်သလို သဘောထားပြီး အလှူအတန်းလုပ်စေချင်တယ်လို့ ဒေါက်တာသက်သက်ခိုင်က Duwun ကို ပြောပါတယ်။
Photo- PPP (ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ပိုးသတ်ဆေးဖျန်းလုပ်ငန်းများဆောင်ရွက်နေစဉ်)
"၂၃ရက်နေ့ကျရင် ကျွန်မတို့ပါတီ တစ်နှစ်တင်းတင်းပြည့်ပြီလေ။အဲဒီအချိန်မှာတော့ ကျွန်မက ကျွန်မပါတီဝင်တွေနဲ့ပါတီ အမှုဆောင်တွေ ၊ ကိုယ်စားလှယ်လောင်းတွေကို တတ်နိုင်သမျှအလှူအတန်းလုပ်ကြပါ။များသောအားဖြင့် လူဆိုလည်း ကိုယ့်မွေးနေ့မှာ ကိုယ် ကောင်းမှုကုသိုလ်တွေလုပ်တယ်လေ အဲဒီလိုသဘောမျိုးပေါ့။လုပ်ကြပါ ။ ပါတီအနေနဲ့လည်း တကယ်လိုတဲ့နေရာ လှူမှာပေါ့နော် ။ လူတိုင်းကိုတော့ မလှူနိုင်ဘူးလေ။ ကျွန်မတို့ကိုယ်တိုင်လည်း စီးပွားရေးတွေပိတ်ထားရတယ်လေ။ဒီတော့ လူတိုင်း လူတိုင်းလည်း တစ်ယောက်နည်းနည်းပဲ ထည့်ထည့်ပေါ့ ။ အဓိကကတော့ ပါတီရဲ့ တစ်နှစ်ပြည့်မှာ ကောင်းမှုကုသိုလ်လုပ်ကြပါ " လို့ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
ဒီလိုလှူဒါန်းမှုတွေပြုလုပ်တွေတဲ့အခါမှာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို လှူဒါန်းဖို့ တိုက်တွန်းထားပြီး ပြည်သူမှာ ရဟန်းသံဃာ နဲ့ သီလရှင်ဆရာလေးတွေလည်း အပါအဝင်ဖြစ်တယ်လို့ ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။
ဒါကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီ တစ်နှစ်ပြည့်တဲ့ အောက်တိုဘာလ ၂၃ရက်မှာ ကိုဗစ်၁၉ကူးစက်ခံရတဲ့ ဘုန်းကြီးကျောင်း နဲ့ သီလရှင်ကျောင်းအချို့ကို ပါတီအနေနဲ့ လှူဒါန်းမှုပြုလုပ်မယ်လို့ သိရပါတယ်။
" ပြည်သူလို့ပြောရင် သံဃာတော်တွေရော သီလရှင်ဆရာလေးတွေရော ကိုဗစ်ဖြစ်နေတာပေါ့နော် ။ ဒီကိုဗစ်ဖြစ်ပွားခဲ့တဲ့ ကျောင်းတွေမှာ သန့်သန့်ရှင်းရှင်းနဲ့နေနိုင်အောင် သံဃာများတဲ့နေရာမှာ အင်းစိန်ရွာမဆရာတော်ဘုရားကြီးကျောင်းမှာ အဝတ်လျှောက်စက်နဲ့ အဝတ်ခြောက်စက်လှူမယ်ပေါ့နော်။ဒီသင်္ကန်းအဝတ်တွေကနေ ထပ်ပြီးတော့မှ ဖြစ်မှာစိုးလို့ပေါ့နော်။ ပြီးတော့ ပိုးသေအောင် အသုံးအဆောင်ပစ္စည်းတွေပေါ့နော် ခြေသုတ်ခုံဘာညာ စသည်ဖြင့်ပေါ့ မီးရှို့ပစ်ရတယ်ကြားတော့ အဲဒါလည်း တတ်နိုင်သလောက် သွားလှူမလို့ပေါ့နော် ။ ဒါက လိုတယ်ထင်တယ်တာကိုလှူတယ်ပေါ့နော်။နောက်ပြီးသိမ်တော်ကြီးလေ အဲဒီမှာ ကိုဗစ်၁၉ သံဃာတော်တွေ တွေ့တယ်လေ။ အဲဒီမှာလည်း အဝတ်လျှော်စက်လေးသွားလှူမလို့ ။ ပြီးတော့ ကျွန်မတို့မြို့နယ်မှာ ရွှေမြိုင်သီရိလား သီလရှင်ဆရာကြီးဆို ပျံလွန်တော်မူသွားတယ်။ ဆရာလေးတွေလည်း ကူးစက်မှုရှိတယ် ။ ဒီတော့ အဲဒီမှာလည်း ဘာတွေလိုလဲဆိုတော့ ဆရာလေးတွေက အခြောက်အခြမ်းတွေပေါ့ရှင်။ ရေရှည်ထားလို့ရမယ့် စားသောက်ကုန်တွေပေါ့ ။ တကယ်လိုတာတွေလေးတွေလှူဖို့ ဒီရက်ကတော့ စီစဉ်နေတုန်းပဲပေါ့နော် " လို့ ဒေါက်တာသက်သက်ခိုင်က Duwun ကို ပြောပါတယ်။
Photo- PPP (ပြည်သူ့ရှေ့ဆောင်ပါတီက မရမ်းကုန်းမြို့နယ်အတွင်း lock down နေအိမ်တွေကို အခြေခံစားသောက်ကုန်များ လှူဒါန်းစဉ်)
ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ ကိုဗစ်ကာလမှာ ဆေးရုံနဲ့ကွာရန်တင်းစင်တာတွေမှာ ကိုဗစ်ကာကွယ်ကုသရေးအတွက် ပစ္စည်းများလှူဒါန်းခြင်း ၊ Lock Down ချထားတဲ့ မိသားစုတွေကို စားသောက်ကုန်များလှူဒါန်းခြင်း ၊ သက်ဆိုင်ရာမြို့နယ်အလိုက် ပိုးသတ်ဆေးဖျန်းလုပ်ငန်းဆောင်ရွက်တာတွေကို လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။