နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)အနေနဲ့ ပါတီဖျက်သိမ်းတာကို ပြန်လည်သုံးသပ်ပေးဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကို စာပို့ဖို့ လုပ်ဆောင်နေတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်စွာထက်ဦးက ပြောပါတယ်။
ပါတီကို စစ်ဆေးမှုပြုလုပ်ခြင်းမရှိဘဲ တစ်ဖက်သတ်ဖျက်သိမ်းလိုက်တာဟာ ဒီမိုကရေစီနဲ့မညီညွတ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်သုံးသပ်ပေးဖို့အတွက် တင်ပြတောင်းဆိုမှာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-ဆူးနစ်(NPT) (အောက်တိုဘာလ ၇ရက်က နှင်းဆီပါတီအနေနဲ့ အင်အား၅၀၀ကျော်နဲ့ နေပြည်တော်အတွင်းလှည့်လည်နေကြစဉ်)
"ကျွန်တော်တို့ပါတီကလူတွေ နေပြည်တော်ကို ၂၀ရက်နေ့သွားမယ် ။ ကွာရန်တင်းဝင်ပြီး ၂၇ရက်နေ့ စစ်ဆေးခံမယ်ပေါ့ ။ ဒီလိုစီစဉ်ထားပြီး CECတွေလည်း on the way ဖြစ်နေတဲ့အချိန်မှာ ဒီလိုဖျက်သိမ်းကြောင်းကြေညာလိုက်တာ တော်တော်အံ့သြသွား တယ်။ဝမ်းနည်းစရာလည်းကောင်းတယ်။ကော်မရှင်ဟာ ဘာမှစစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပါတီတစ်ခုကို အခုလို တစ်ဖက်သတ် ဆုံးဖြတ်ချက်နဲ့ လုပ်ခြင်းဟာ ဒီမိုကရေစီနဲ့မညီညွတ်ဘူးဆိုတာလည်း ကျွန်တော်တို့ တွေ့တယ် ။ အခုလက်ရှိသွားနေတဲ့ ဒီမိုကရေစီ စနစ်မှာ ဒီမိုကရေစီရဲ့ အာဏာကို အလွဲသုံးစားလုပ်ခြင်းလို့ ခံစားရတယ်။အခု ပါတီဖျက်သိမ်းတဲ့အပေါ်မှာ ပြန်လည်သုံးသပ်ပေးဖို့ ဒါကို UECကို စာတင်မယ်။ ကော်မရှင်က ဟုတ်ပြီ ခင်ဗျားတို့ပါတီ ရွေးကောက်ပွဲကို ဆက်ဝင်ပါ ။ ကျန်တဲ့ကိစ္စတွေ နောက်မှဆက်လက်လုပ်ကိုင် ပါမယ်ဆိုတဲ့ အဖြေမျိုးရလာရင်တော့ ကျွန်တော်တို့ ဆက်သွားမှာပေါ့။မဟုတ်ဘူး ဒါကို ပယ်ချလိုက်တယ်ဆိုရင်တော့ ပရဟိတအသွင်နဲ့ သွားမှာပါ။ဒါကို အခြေပြုပြီး ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးကြပါတယ် " လို့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ပါတီပြောရေးဆိုခွင့် ရှိသူ ဦးကျော်စွာထက်ဦးက Duwun ကို ပြောပါတယ်။
ဒီလိုဖျက်သိမ်းလိုက်တဲ့အတွက် ပါတီရဲ့ ရည်မှန်းချက်ကို အပျောက်ခံမှာမဟုတ်ဘဲ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပါတီရဲ့ ရည်မှန်းချက်ကို UDP အနေနဲ့ ဒါမှမဟုတ် အခြားအမည်အသင်းအဖွဲ့တစ်ခုအနေနဲ့ ဆက်လက်အကောင်အထည်ဖော်မယ့် ကိစ္စကိုတော့ လတ်တလောပြောကြားဦးမှာမဟုတ်ဘူးလို့လည်း ပါတီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဓာတ်ပုံ-ဆူးနစ်(NPT) (အောက်တိုဘာလ ၇ရက်က နှင်းဆီပါတီအနေနဲ့ အင်အား၅၀၀ကျော်နဲ့ နေပြည်တော်အတွင်းလှည့်လည်နေကြစဉ်)
" ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တော့ အပျောက်မခံဘူး။အန္တိမရည်မှန်းချက်သုံးရပ်ရှိတယ်။ပြည်သူကိုယ်တိုင် အစိုးရဖြစ်ရမယ် ။ ပြည်သူ့အာဏာလည်းပြည်သူ့လက်မှာ ရှိနေရမယ်။ပြည်သူ့ဘဝမြှင့်တင်နိုင်ရမယ်။ဒီရည်ရွယ်ချက်သုံးခုကို အကောင်အထည် ဖော်သွားမှာပဲ။အဲဒီလိုအကောင်အထည်ဖော် တဲ့နေရာမှာ UDP အနေနဲ့လည်း ဖြစ်ချင်ဖြစ်မှာပဲ။တခြားပါတီအသွင်နဲ့လည်းဖြစ်ကောင်း ဖြစ်မယ်။ဒါကတော့ လောလောဆယ်မပြောပြနိုင်သေးဘူး။ကော်မရှင်ကို စာပို့ရဦးမယ်။အခုချိန်မှာ တရားဥပဒေအရ ဒီကော်မရှင်ကိုပဲ ဆက်ပြီးတော့ အကြောင်းကြားတာ ဘာညာဆက်ပြီးတော့ လုပ်ရမှာတွေ အများကြီးကျန်ပါသေးတယ်။ပြောပြဖို့စောသေးတယ် " လို့ ဦးကျော်စွာထက်ဦးက Duwun ကို ပြောပါတယ်။
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)က လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကိုယ်စားလှယ်ပေါင်း ၁,၁၃၀ဦးဝင်ပြိုင်ဖို့ စီစဉ်ထားပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုတိယအင်အားအကြီးဆုံးပါတီ ဖြစ်ပါတယ်။
ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) နဲ့ ကိုယ်စားလှယ်လောင်းတွေကို အမည်စာရင်းပယ်ဖျက်တဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၇ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။