ယူအေအီးနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေက တောင်းဆိုတာကြောင့် သံရုံးမရှိပေမယ့်လည်း ဟိုတယ်တစ်ခုမှာ မဲရုံထောင်ပြီး မဲထည့်ဖို့ စီစဉ်ပေးနိုင်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပြည်သူတွေက တောင်းဆိုတဲ့အတွက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာကြောင့်ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယက်ဒ်မြို့က သံရုံးဝန်တွေက ယူအေအီးက ဟိုတယ်တစ်ခုမှာ မဲရုံထောင်ပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
" ဒီနေ့ဆိုရင် ဝမ်းသာစရာ ယူအေအီးက ကျွန်မတို့ရဲ့ ပြည်သူတွေဆီကနေ စာတစ်စောင်ရပါတယ်။ယူအေအီးဆိုရင် ကျွန်မတို့သံရုံးမရှိပါဘူး။သံရုံးမရှိပေမယ့် အလုပ်လုပ်နေတဲ့ ကျွန်မတို့ပြည်သူတွေရှိပါတယ်။ဒီပြည်သူတွေဟာ အင်မတန်မှ မဲပေးချင်ပါတယ်။ရွေးကောက်ပွဲမှာပါဝင်ချင်တယ်။ဒါပေမယ့်လည်း အနီးဆုံး သံရုံးဖြစ်တဲ့ ဆော်ဒီအာရေဗျမြို့တော် ရီယက်ဒ်ကိုလာဖို့ဆိုတာဟာ သူတို့အတွက်အဆင်မပြေပါဘူး။ဒါကြောင့် ယူအေအီးမှာ မဲပေးလို့ရအောင် စီစဉ်ပေးပါလို့ တောင်းဆိုတဲ့အခါအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက တတ်နိုင်သမျှ ဒီကိစ္စကို အောင်မြင်အောင်လုပ်ပေးခဲ့တော့ ဝမ်းသာစရာအောင်မြင်သွားပါတယ်။ ရီယက်ဒ်က သံရုံးဝန်တွေက ယူအေအီးကိုသွားပြီးတော့ မဲထည့်ချင်တဲ့ပြည်သူတွေအတွက် ဟိုတယ်တစ်ခုမှာ မဲရုံထောင်ပေးနိုင်ခဲ့ပါတယ်။အဲဒီတော့ ပြည်သူတွေကလည်း တက်တက်ကြွကြွနဲ့ မဲပေးခဲ့ကြပါတယ် " လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ည(၈)နာရီကထုတ်လွှင့်ခဲ့တဲ့ ပြည်သူတွေထံ ကိုဗစ်-၁၉အကြောင်းအသိပေးပြောကြားတဲ့ မိန့်ခွန်းမှာဆိုပါတယ်။
ဓာတ်ပုံ-Myanmar State Counsellor Office (နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေ နဲ့စပ်လျဉ်းပြီး ပြည်သူများကို အစီရင်ခံတင်ပြခြင်း)
ဒီကိစ္စဟာ နိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်ပြီး နိုင်ငံသားတာဝန်ကျေပွန်မှုကိုရော ရီယဒ်က ဝန်ထမ်းတွေကိုပါ ဂုဏ်ယူတဲ့အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။
ဒါကြောင့် တကယ်ဆန္ဒရှိတဲ့အခါ ကိုဗစ်စိန်ခေါ်မှုကိုလည်း ကျော်လွှားနိုင်မယ် ၊ အထွေထွေရွေးကောက်ပွဲကိုလည်း အောင်အောင်မြင်မြင်ကျင်းပနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျွန်မတို့နိုင်ငံအတွက် အများကြီးဂုဏ်ယူစရာဖြစ်ပါတယ်။ဂုဏ်ယူတယ်ဆိုတာ ကျွန်မတို့ပြည်သူတွေရဲ့ နိုင်ငံအပေါ်မှာထားရှိတဲ့ သံယောဇဉ် ၊ နိုင်ငံသားတာဝန်ကျေပွန်မှုဟာ ဂုဏ်ယူစရာဖြစ်တယ်။ဝန်ထမ်းတွေရဲ့ တာဝန်ကျေပွန်မှုကိုလည်း ဂုဏ်ယူစရာဖြစ်တယ်။ရီယက်ဒ်ကဝန်ထမ်းတွေကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေပါပဲ။တစ်ကယ့်ကို လုပ်ပေးချင်တဲ့ စိတ်စေတနာရှိလို့သာ အခက်အခဲတွေကြားထဲကနေပြီးတော့ အောင်အောင်မြင်မြင်လုပ်ပေးနိုင်တာဖြစ်ပါတယ်။အဲဒီတော့ သင်ခန်းစာက တစ်ကယ်ဆန္ဒရှိရင် ကျွန်မခဏခဏပြောတဲ့ ဆန္ဒ ၊ ဝီရိယ ၊ စိတ်ဓာတ် ၊ ပညာ အောင်မြင်ခြင်းတရားလေးပါဆိုတာ လူတိုင်းမှာ စွဲကိုင်ထားလို့ရပါတယ်။ဒီအောင်မြင်ခြင်းတရားလေးပါးနဲ့ အခုရင်ဆိုင်နေရတဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကိုလည်း ကျော်လွှားနိုင်မယ် ၊ နောက်ပြီးတော့ အထွေထွေရွေးကောက်ပွဲကိုလည်း အောင်အောင်မြင်မြင်ကျင်းပနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ် " လို့ နိုင်ငံတော်အတိုင်ပင်ခံက ဆိုပါတယ်။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေ နဲ့စပ်လျဉ်းပြီး ပြည်သူများကို အစီရင်ခံတင်ပြတဲ့မိန့်ခွန်းကို ဒီနေ့ အောက်တိုဘာလ ၁၉ရက် ၊ ည၈နာရီမှာ MRTVရုပ်သံလိုင်းကနေ ပြောကြား ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။