ရုရှားနိုင်ငံမှာ ယနေ့ (အောက်တိုဘာ ၁၉ ရက်) ထုတ်ပြန်တဲ့ COVID-19 ကိန်းဂဏန်းများအရ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၁၅,၉၈၂ ဦး တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှုအမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
(Photo: Vladimir Gerdo/TASS)
မော်စကိုမြို့တော်မှာတော့ ကူးစက်မှုများ လျင်မြန်စွာ မြင့်တက်လာမှုကို ထိန်းချုပ်ရန် တင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်တွေ သတ်မှတ်မှာမဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောထားပါတယ်။ ယနေ့ ထုတ်ပြန်ချက်အရ ရုရှားမှာ COVID-19 ကြောင့် သေဆုံးသူ တစ်ရက်အတွင်း ၁၇၉ ဦး တိုးလာခဲ့ပြီး လက်ရှိအချိန် စုစုပေါင်း သေဆုံးသူအရေအတွက် ၂၄,၃၆၆ ဦးရှိလာခဲ့ပါတယ်။ လူဦးရေ ၁၃ သန်းနီးပါးရှိတဲ့ မော်စကိုမြို့မှာ ကူးစက်ခံရသူ ၅,၃၇၆ ဦး တိုးလာခဲ့ကြောင်းလည်း ယနေ့ ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။
ကာဖျူးအမိန့်ထုတ်ခြင်း၊ သွားလာလှုပ်ရှားမှုအားလုံး တားမြစ်ခြင်း၊ တစ်မြို့လုံးကို အဝင်အထွက် ပိတ်ပင်ခြင်းနဲ့ စီးပွားရေးလုပ်ငန်းအားလုံးနီးပါး ပိတ်ထားစေခြင်းကဲ့သို့ အလွန်ပြင်းထန်တဲ့ အစီအမံတွေက လုံးဝ လက်ခံနိုင်စရာမဟုတ်ဘဲ ကျွန်တော်တို့အတွက် မဖြစ်နိုင်ပါဘူး
မော်စကိုမှာ COVID-19 ကုသရေး ယာယီဆေးရုံများ ဖွင့်လှစ်ထားပြီး စီးပွားရေးလုပ်ငန်းတွေကို ဝန်ထမ်းအင်အား အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို နေအိမ်မှ အလုပ်လုပ်စေရန် အစိုးရက ညွှန်ကြားထားပါတယ်။ ထို့အတူ အလယ်တန်းအဆင့် ကျောင်းသူကျောင်းသားတွေကို အွန်လိုင်းမှတစ်ဆင့် လေ့လာသင်ကြားစေမှု အပါအဝင် အခြား ကူးစက်မှုထိန်းချုပ်ရေး အစီအမံများ သတ်မှတ်ဆောင်ရွက်နေပါတယ်။
(မော်စကိုမြို့တော်ဝန် Sergei Sobyanin) (Photo: Mikhail Dzhaparidze/TASS)
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျန်းမာရေးအာဏာပိုင်တွေက COVID-19 ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်လာနိုင်တဲ့ လက္ခဏာများရှိခဲ့ကြောင်းနဲ့ ယခုလက်ရှိ သတ်မှတ်ဆောင်ရွက်နေမှုထက် ပိုမိုပြင်းထန်တဲ့ ပိတ်ပင်ကန့်သတ်ချက်တွေ ထုတ်ပြန်ရန်မလိုအပ်ဘူးလို့ ထင်မြင်ကြောင်း မော်စကိုမြို့တော်ဝန် Sergei Sobyanin က ပြောပါတယ်။
"ကာဖျူးအမိန့်ထုတ်ခြင်း၊ သွားလာလှုပ်ရှားမှုအားလုံး တားမြစ်ခြင်း၊ တစ်မြို့လုံးကို အဝင်အထွက် ပိတ်ပင်ခြင်း၊ စီးပွားရေးလုပ်ငန်းအားလုံးနီးပါး ပိတ်ထားစေခြင်းကဲ့သို့ အလွန်ပြင်းထန်တဲ့ အစီအမံတွေက လုံးဝ လက်ခံနိုင်စရာမဟုတ်ဘဲ ကျွန်တော်တို့အတွက် မဖြစ်နိုင်ပါဘူး" လို့ မြို့တော်ဝန် Sergei Sobyanin က ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ ရေးသားထားခဲ့ပါတယ်။
(Photo: Reuters)
"အကောင်းဆုံး မဟာဗျူဟာကတော့ မြို့ကိုပိတ်ပစ်တာနဲ့ ကန့်သတ်ချက်တွေကို လုံးဝ လျှော့ချပစ်လိုက်တာ နှစ်ခုကြားက အလယ်အလတ်လမ်းကို ရှာဖွေဖို့ပါပဲ" လို့ ၎င်းက သုံးသပ်ခဲ့ပါတယ်။ COVID-19 ကူးစက်မှုတွေ ထိန်းချုပ်ကာကွယ်ရန် မော်စကိုမြို့မှာ နောက်ထပ် သတ်သတ်မှတ်မှတ် ရည်ရွယ်ဆောင်ရွက်တဲ့ ကန့်သတ်ချက်တွေကိုတော့ ထုတ်ပြန်လာနိုင်ကြောင်း Sobyanin က ပြောပါတယ်။
အကောင်းဆုံး မဟာဗျူဟာကတော့ မြို့ကိုပိတ်ပစ်တာနဲ့ ကန့်သတ်ချက်တွေကို လုံးဝ လျှော့ချပစ်လိုက်တာ နှစ်ခုကြားက အလယ်အလတ်လမ်းကို ရှာဖွေဖို့ပါပဲ
ကမ္ဘာတစ်ဝန်းမှာ အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးပြီးလျှင် ရုရှားက စတုတ္တမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်နေပေမဲ့ အာဏာပိုင်တွေက ပြင်းထန်တင်းကျပ်တဲ့ ပိတ်ပင်ကန့်သတ်ချက်တွေ သတ်မှတ်ဆောင်ရွက်ရန် ဝန်လေးနေခဲ့ပါတယ်။ ရုရှားနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁.၄ သန်း တွေ့ရှိထားပြီး ပြန်လည်သက်သာသူ ၁ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။