ရန်အောင်ကတော့ Online ပေါ်ကနေတဆင့် ထက်ထက်မိုးဦးနဲ့အတူ အလှူခံခဲ့တုန်းက အမှတ်တရတွေကို ပြောလာပါတယ်။
photo: Yan Aung
ရန်အောင် နဲ့ ထက်ထက်မိုးဦးတို့ဟာ “လက်တွဲအတူ ကိုဗစ်အလှူ” ဆိုတဲ့ အစီအစဉ်လေးမှာ အတူတူ အလှူခံခဲ့ကြတာကို တွေ့ရပါတယ်။ အခုလို ကိုဗစ်ကာလမှာတောင် အနုပညာရှင်တွေကို ချစ်တဲ့ ပရိသတ်တွေရဲ့ လှူဒါန်းမှုက အံ့သြစရာဖြစ်ခဲ့ရတယ်လို့ ရန်အောင်က Duwun ကို ပြောပြခဲ့ပါတယ်။
“ အစ်ကိုက ထက်ထက်နဲ့အတူ အလှူတစ်ခု ခံပေးခဲ့တယ်။ သိန်း(၁၀၀) ကျော်ရတယ်ဗျာ အံ့သြခဲ့ရတယ်။ တော်တော် လှူကြတာပဲပေါ့။ ညီမလေးရဲ့ စိတ်က ဖြူစင်တယ်၊ အခုလို ခက်ခဲတဲ့ အချိန်မှာတောင်မှ လှူချင်ကြတယ်ဆိုတာ သိပ်ကောင်းတယ်။ အစ်ကိုလည်း ဒီလိုပဲ မရှိတဲ့ကြားထဲက လှူနေရတာ။ ဒါဟာ မြန်မာလူမျိုးတွေရဲ့ မွေးရာပါ ပရဟိတ စိတ်ဓာတ်လေးပါ။ အခုချိန်မှာ အနုပညာရှင်တွေ ဈေးရောင်းနေပေမယ့် အားလုံးက လူပဲလေနော်။ ရသလို ရှာစားနေရတာပါပဲ” လို့ ဆိုပါတယ်။
photo: Yan Aung
လက်ရှိမှာတော့ ထက်ထက်မိုးဦးဟာ အကျိုးတူစီးပွားရေး အနေနဲ့ အွန်လိုင်းပေါ်ကနေ စိန်ထည်၊ ရွှေထည် ပစ္စည်းလေးတွေ ရောင်းနေတာတွေ့ရပါတယ်။ အွန်လိုင်းပေါ်ကနေ ဈေးရောင်းတာတောင် ရောင်းအားကောင်းလွန်းတဲ့ သူမကို ရန်အောင်က အခုလို ချီးကျူးစကားဆိုခဲ့ပါသေးတယ်။
photo: Htet Htet Moe Oo
ရန်အောင်ကို ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။