ဦးခေါင်းချင်းဆက်လျက် မွေးဖွားလာတဲ့ ပါကစ္စတန်နိုင်ငံမှ အမြွှာမိန်းကလေးနှစ်ဦးကို ယမန်နှစ်အတွင်း လန်ဒန်မြို့ရှိ Great Ormond Street ဆေးရုံမှာ သီးခြားစီဖြစ်စေရန် အောင်မြင်စွာ ခွဲစိတ်ပေးခဲ့ပြီးနောက် ကျန်းမာသန်စွမ်းစွာဖြင့် အိမ်ပြန်နိုင်ခဲ့ပြီလို့ သိရပါတယ်။
ဆာဖာနဲ့ မာဝါဘီဘီတို့ အမြွှာညီအစ်မနှစ်ဦးဟာ အကြီးစား ခွဲစိတ်မှုသုံးခု ပြုလုပ်ခဲ့ရပြီး ခွဲစိတ်ခန်းထဲမှာ နာရီပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပါတယ်။ သူမတို့ ညီအစ်အမနှစ်ဦးကို ကျန်ရှိတဲ့ မိသားစုဝင်တွေရှိရာသို့ ပြန်ခေါ်ဆောင်လာနိုင်ပြီဖြစ်လို့ ဝမ်းသာပျော်ရွှင်ရကြောင်း မိခင်ဖြစ်သူ ဇိုင်နက်ဘ်ဘီဘီက BBC ကို ပြောပါတယ်။
"သူတို့လေးတွေ အရမ်းနေကောင်းကြပါတယ်၊ မာဝါက ကောင်းကောင်းတိုးတက်လာပြီး အကူအညီ နည်းနည်းပဲလိုတယ်၊ ကျွန်မတို့ ဆာဖာကို စောင့်ကြည့်သွားပြီး ကောင်းကောင်း စောင့်ရှောက်ပြုစုသွားမှာပါ၊ ဘုရားသခင်အလိုအရ သူတို့နှစ်ယောက်လုံး လမ်းစလျှောက်လာကြမှာပါ" လို့ ဇိုင်နက်ဘီဘီက ဆိုပါတယ်။ ပါကစ္စတန်မှ ဆာဖာနဲ့ မာဝါ ညီအစ်မနှစ်ဦးကို သီးခြားစီဖြစ်စေရန် Great Ormond Street ဆေးရုံမှာ ခွဲစိတ်ခဲ့တဲ့ လုပ်ငန်းစဥ်ကို လူ ၁၀၀ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က ဆောင်ရွက်ခဲ့ကြပါတယ်။
သူမတို့နှစ်ဦးကို ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း သီးခြားစီဖြစ်စေရန် ခွဲစိတ်ပေးခဲ့ပြီးနောက် လန်ဒန်မှာ မိခင်နဲ့ ဦးလေးတို့နဲ့အတူ ဆက်လက် နေထိုင်ခဲ့ကြပါတယ်။ ဆာဖာနဲ့ မာဝါ ခေါင်းချင်းဆက် အမြွှာညီအစ်မကို သီးခြားစီဖြစ်စေရန် ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ် ပေါင်စတာလင် ၁ သန်းကို ပါကစ္စတန် စီးပွားရေးလုပ်ငန်းရှင် Murtaza Lakhani က လှူဒါန်းကျခံပေးခဲ့ကြောင်း သိရပါတယ်။ ယခုအခါ အမြွှာညီအစ်မက အသက်သုံးနှစ်အရွယ်ရှိပြီဖြစ်ပြီး သွားလာလှုပ်ရှားနိုင်ရန် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကုထုးဖြင့် ပုံမှန်ကုသမှုခံယူနေခဲ့ပါတယ်။
သူမတို့နှစ်ဦးလုံးဟာ သင်ယူရာမှာ အခက်အခဲများရှိတယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူ ဇိုင်နက်ဘီဘီက သမီးနှစ်ဦးကို သီးခြားစီဖြစ်စေရန် ခွဲစိတ်ပေးခဲ့ကြတဲ့အဖွဲ့ကို သူရဲကောင်းများအဖြစ် သတ်မှတ်ကျေးဇူးတင်ပြီး ပါကစ္စတန်မှာရှိတဲ့ သူမရဲ့ အခြား ကလေးခုနစ်ဦးက ဆာဖာနဲ့ မာဝါတို့ကို ကူညီစောင့်ရှောက်ပေးရန် စိတ်အားထက်သန်နေကြတယ်လို့ ပြောခဲ့ပါတယ်။
ခွဲစိတ်မှုကို ဦးဆောင်ခဲ့သူ ခွဲစိတ်ဆရာဝန် Owase Jeelani က ဆာဖာနဲ့ မာဝါတို့ မိသားစုအတွက် အလွန်ကျေနပ်မိတယ်လို့ ဆိုပါတယ်။ သို့သော် ၎င်းအနေနဲ့ ခွဲစိတ်အပြီး ရလဒ်အပေါ် စိုးရိမ်ပူပန်မှုအချို့ ရှိနေဆဲဖြစ်တယ်လို့ ခွဲစိတ်ဆရာဝန်က BBC ကို ပြောပါတယ်။ "မာဝါက တစ်ကယ့်ကို နေကောင်းပြီး ကြီးမားတဲ့ တိုးတက်မှုရှိတယ်၊ တစ်မိသားစုလုံးကို ကြည့်တဲ့အခါ၊ မှန်ပါတယ်၊ ဒီလိုလုပ်တာက မှန်နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဆာဖာအတွက် တစ်ယောက်တည်းအနေနဲ့က အရမ်းကြီး မသေချာဘူး" လို့ Owase Jeelani က သုံးသပ်ခဲ့ပါတယ်။
ဆာဖာနဲ့ မာဝါကို သီးခြားစီဖြစ်ရန် ခွဲစိတ်မှုပြုလုပ်ရာမှာ ခွဲစိတ်ဆရာဝန်တွေအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချခဲ့ရတယ်လို့ ဆိုပါတယ်။ ဦးခေါင်းချင်းဆက်နေတဲ့ အမြွှာညီအစ်မဟာ ၎င်းတို့နှစ်ဦးလုံးရဲ့ ဦးနှောက်သို့ တူညီတဲ့ သွေးကြောများသာရှိပါတယ်။ ထိုအခြေအနေအရ သီးခြားစီ ခွဲစိတ်လိုက်ပါက တစ်ဦးတည်းကသာ ဦးနှောက်ကိုဆက်သွယ်ထားတဲ့ အဓိက သွေးကြောတွေကို ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။
ခွဲစိတ်ဆရာဝန်က ပိုမိုအားနည်းနေခဲ့တဲ့ မာဝါကို အဓိက သွေးကြေားတွေပေးရန် ဆုံးဖြတ်ခဲ့ရပါတယ်။ သို့သော် ခွဲစိတ်ပြီးချိန်မှာတော့ ဆာဖာက လေဖြတ်သွားခဲ့ပါတယ်။ ခွဲစိတ်အပြီးမှာ ဆာဖာဟာ သူမရဲ့ ဦးနှောက်ကို ကုသမရနိုင်တဲ့ ထိခိုက်မှုဖြစ်ခဲ့ပြီး လမ်းလျှောက်နိုင်ဖွယ်မရှိတော့ဘူးလို့ ဆိုပါတယ်။ Great Ormond Street ဆေးရုံမှ ဆာဖာနဲ့ မာဝါတို့ကို ခွဲစိတ်ပေးခဲ့တဲ့ အဖွဲ့က ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်းမှာလည်း တူရကီနိုင်ငံမှ ဦးခေါင်းချင်းဆက် အမြွှာယောက်ျားလေးနှစ်ဦးကို အောင်မြင်စွာ ခွဲစိတ်ပေးခဲ့ကြောင်း သိရပါတယ်။
ခန္ဓာကိုယ်ချင်းဆက် အမြွှာကလေးများ မွေးဖွားမှုဟာ ရှားပါးပြီး ၎င်းတို့အနက် အမြွှာအစုံ ၂၀ မှာ တစ်စုံသာလျှင် ဦးခေါင်းချင်းဆက်လျက် မွေးဖွားကြောင်း သိရပါတယ်။ ဦးခေါင်းချင်းဆက် အမြွှာတွေဟာ ဦးခေါင်းခွံဆက်စပ်နေပြီး craniopagus twins လို့ သိမှတ်ထားကြပါတယ်။ ခန္ဓာကိုယ်ချင်းဆက် အမြွှာအများစုဟာ ကလေးဘဝကျော်လွန်ပြီး အသက်ရှင်သန်ခြင်း မရှိကြဘူးလို့ ဆိုပါတယ်။
Source, Video and Photo: BBC